၉.၇.၂၀၂၅ သည် မြန်မာ ပြက္ခဒိန်အရ ၁၃၈၇ -ခုနှစ်၏ ၅-လမြောက်ဖြစ်သည့် ဝါဆိုလ၏ လပြည့်နေ့ဖြစ်သည်၊
ဤဝါဆိုလပြည့်နေ့သည် ဤကမ္ဘာမြေ လောကဓာတ်အတွင်း ဘုရားအလောင်းတော်၏ ပဋိသန္ဓေယူရာ, ဘုရားအဖြစ်ကျင့်ဖို့ တောထွက်ရာ, ဘုရားရှင်၏ ဓမ္မစကြာ တရားရတနာ စတင်လည်ပတ်ရာ, သံဃာရတနာ စတင်ပေါက်ဖွားရာစသည့် သမိုင်း ဖြစ်တော်စဉ်များနှင့် ဆက်စပ်သည်ဖြစ်၍ နေ့ထူး နေ့မြတ်ဟု သတ်မှတ်ထားသော
နေ့တနေ့ဖြစ်ပေသည်။
ထိုသို့ထူးခြားမှုဂုဏ်ကျေးဇူးတို့ကို သတိတရ အာရုံပြု ပူဇော်သောအားဖြင့် ဗုဒ္ဓဘာသာဝင်များက
ဝါဆိုလပြည့်နေ့တွင် အထူးတလည် ကုသိုလ်ပြုကြသည်။
ဗုဒ္ဓလက်ထက်မှစ၍ စီးဆင်းလာခဲ့သော ဝါဆိုဝါကပ်မှု ပညတ်ချက်သည် နှစ်ပေါင်း (၂,၆၀၀) ကျော်အကြာ ယနေ့ထက်တိုင် နှစ်စဉ် ဝါဆိုလပြည့်ကျော် (၁)ရက်နေ့တွင် ရဟန်းသာမဏေများသည် မိမိတို့နေထိုင် သီတင်းသုံးကြမည့် ကျောင်းတိုက်အတွင်း သီတင်းကျွတ်လပြည့်ကျော်(၁) ရက်အထိ သုံးလတိုင်တိုင် “ဤကျောင်းတိုက်၌ ဝါတွင်းသုံးလပတ်လုံး နေထိုင်သီတင်းသုံးပါမည်ဟု” ဝါဆို ဝါကပ်ပြုကြရသည်၊
ခရီးလွန်ခြင်းစသည့် အကြောင်းမညီညွတ်မှုများကြောင့် ဝါဆိုလပြည့်နေ့တွင် ဝါဆို ဝါကပ် မပြုနိုင်ခဲ့လျှင် ဝါခေါင်လပြည့်ကျော် (၁)ရက်နေ့မှစတင်ကာ တန်ဆောင်မုန်းလပြည့်ကျော် (၁) ရက်နေ့အထိဝါဆို ဝါကပ်ပြုကြရသည်။
ထိုသုံးလအတွင် တရားဟောကြွခြင်း သီတင်းသုံးဖော်များနှင့် မိဘများ၏ ကျန်းမာရေးစသည့် ကိစ္စများအတွက် (၇) ရက်အတွင်း ဝါပန်ကာ ခရီးထွက်ခွင့်ပြုထားသော အကြောင်းကိစ္စမှ လွဲ၍ အရုဏ်တက်ချိန်တွင် မိမိ ဝါဆိုဝါကပ်ရာ ကျောင်းတိုက်၏ အတွင်းတည်ရှိနေရမည်ဖြစ်သည်။ အပြင်ဘက်သို့ ရောက်ရှိနေလျှင်ဝါကျိုး ဝါပြတ် ဖြစ်၍ ကထိန်သင်္ကန်း အလှူခံခွင့်မရပေ။
ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် ထိုဝါတွင်းကာလဝယ် တစ်လ လေးသီတင်း အားဖြင့် ဆယ့်နှစ် သီတင်း (၁၂ ဥပုသ်) နေ့တို့တွင် မိမိတို့နှင့် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်းဖွယ်ရာများ လှူဒါန်းကြခြင်း, ဥပုသ်သည်များအား ကျွေးမွေးဧည့်ခံခြင်း ဒါနခန်းများပြုလုပ်ကာ သီတင်းသီလ ဆောက်တည်ကြသည်။ ဝါဆိုလပြည့်ပါထည့်က ၁၃ ရက်ဖြစ်သည်။ အချိန်ဇယားကို ဖော်ပြထားပါသည်။
အချို့ကလည်း “ဝါတွင်းကာလ (၈)ပါး သီလ မပျက်အောင် ထိန်းမယ်ဆိုပြီး” ကြိုးစားကာ အဓိဋ္ဌာန်၍ သီလဆောက်ကြသည်။
အချို့ဒေသ၌ ဥပုသ်သည်များသည် မနက်ခင်းမှ ညနေခင်းအထိ ကျောင်းမှာတွင် နေထိုင်ကာ သီလဆောက်တည်ကပြီးနောက် စိတ်သန့်စင်သောအားဖြင့် ဂုဏ်တော်ပွားခြင်း ပုတီးစိပ်ခြင်း တရားရှု့ပွားများခြင်းများ ပြုလုပ်ကြသည်။
သီရိလင်္ကာနိုင်ငံ ဗုဒ္ဓဘာသာဝင်များလည်း အဖြူရောင်အဝတ်များ ဝတ်ဆင်လျှက် ဘုန်းတော်ကြီးကျောင်းများတွင် တနေကုန် နေကြပြီး သီလဆောက်တည်လျှက် ဗောဓိပင် ပူဇော်မှုများ ဘုရားရှိခိုးမှုများ ပြုလုပ်ကြလေသည်။
ဆရာတော်များက သီလစောင့်သုံးခြင်း၏ အကျိုးကျေးဇူးများ ဘာဝနာပွားများခြင်း၏ အကျိုးကျေးဇူးများကို ပုံဝတ္ထု ဇာတ်တော် သာဓက စသည်ဖြင့် တန်ဆာဆင်၍ ဟောပြောညွှန်ပြကြလေသည်။
အနှစ်ချုပ်အားဖြင့် ဝါတွင်းကာလဝယ် ဗုဒ္ဓဘာသာဝင်များသည် ကံသုံးပါးကို ယဉ်ကျေးစေကြလျှက် မိမိမှ အစပြုကာ ဤကမ္ဘာမြေပြင်ကြီး တစ်ခုလုံး ငြိမ်းချမ်းရေး လုပ်ငန်းများ လုပ်ဆောင်နေကြခြင်း၊ အအေးဓာတ်ပို့ဆောင်နေကြခြင်းပင် ဖြစ်ပေသည်။
၂၆-ရာစုကျော် စီးဆင်းလာခဲ့သော အစဉ်အလာကောင်း တစ်ရပ်ကို လေးမြတ်စွာ လိုက်နာကျင့်သုံးနိုင်ကြပါစေလို့ တိုက်တွန်း နိုးဆော်လိုက်ပါသည်။
