၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကျင်းပရန်ရှိနေသည့် အထွေထွေရွေးကောက်ပွဲအပြီး ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် အစိုးရဖွဲ့နိုင်မဖွဲ့ဆိုသည့် ကိစ္စမှာ ပြည်သူလူထုအပေါ်တွင်သာ မူတည်ကြောင်း ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ပြောသည်။
ယနေ့ မေလ (၁၁) ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်သည့် (၁/၂၀၂၅) သတင်းစာရှင်းလင်း ပွဲတွင်ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။
” PPP အနေဖြင့် အစိုးရ ဖွဲ့နိုင်လား မဖွဲ့နိုင်လားဆိုတာက ပြည်သူလူထုရဲ့ အဆုံးအဖြတ် ဖြစ်ပါတယ်။ မဲနဲ့ အနိုင်ပေးလိုက်မယ်ဆို အစိုးရဖြစ်သွားနိုင်ပါတယ်။ ပြည်သူလူထုရဲ့ အပေါ်မှာပဲ မူတည်ပါတယ်ရှင့်” ဟု ၎င်းက ဆိုသည်။
ထို့ပြင် ပြည်သူ့ရှေ့ဆောင်ပါတီ အနေဖြင့် အစိုးရ ဖွဲ့နိုင်လောက်သည့် ပါတီတစ်ခုဖြစ်ရန် အကောင်းဆုံးအနေဖြင့် အစဉ်အမြဲ ပြင်ဆင်ဆောင်ရွက်နေကြောင်းလည်း ၎င်းကဆိုသည်။
ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် လာမည့် ၂၀၂၅ ရွေးကောက်ပွဲတွင် ပြည်ထောင်စု တစ်ဝန်းလုံး၌ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံသွားရန် ရှိနေပြီး ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများလည်း လုပ်ဆောင်နေကြောင်း သိရသည်။