စစ်ပွဲများနှင့် တင်းမာမှုများ မြင့်တက်နေခြင်းကြောင့် ၂၀၂၄ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းစစ်အသုံးစရိတ်သည် စစ်အေးခေတ်ပြီးနောက်ပိုင်း အဆိုးဝါးဆုံးမြင့်တက်ခဲ့ပြီး ဒေါ်လာ ၂ ဒဿမ ၇ ထရီလျံအထိရောက်ရှိခဲ့သည်ဟု သုတေသီများက တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသန အင်စတီကျူ့၏ အစီရင်ခံစာအသစ်အရ အထူးအားဖြင့် ဥရောပနှင့် အရှေ့အလယ်ပိုင်းဒေသတွင် များစွာမြင့်တက်ခဲ့သောကြောင့် ကမ္ဘာတစ်ဝန်းစစ်အသုံးစရိတ်မြင့်တက်ခဲ့သည်ဟု ဆိုသည်။
ဥရောပနိုင်ငံအများအပြားသည် ၎င်းတို့၏ စစ်အသုံးစရိတ်ကို မကြုံစဖူး မြှင့်တင်ခဲ့သည်ကို တွေ့ရကြောင်းလည်း အစီရင်ခံစာက ဖော်ပြသည်။
ကမ္ဘာတစ်ဝန်း အသုံးစရိတ်မြင့်တက်ခဲ့ခြင်းသည် ၂၀၂၃ ခုနှစ်ထက် ၉ ဒဿမ ၄ ရာခိုင်နှုန်းပိုခဲ့ပြီး ၂၀၂၄ ခုနှစ်သည် ၁၀ နှစ်ဆက်တိုက် အသုံးစရိတ်မြင့်တက်ခဲ့သည့်နှစ်ဖြစ်သည်။
“ဒါက တကယ်ကို မကြုံစဖူးပါပဲ” ဟု SIPRI စစ်ဘက်ဆိုင်ရာ အသုံးစရိတ်နှင့် လက်နက်ထုတ်လုပ်ရေး အစီအစဉ်မှ သုတေသီ Xiao Liang က AFP ကို ပြောသည်။ “စစ်အေးတိုက်ပွဲ ပြီးကတည်းက တစ်နှစ်ထက်တစ်နှစ် အမြင့်ဆုံး တိုးလာခြင်းဖြစ်ပါတယ်” ဟု သူက ဆိုသည်။
စစ်အေးတိုက်ပွဲကာလအတွင်း စစ်အသုံးစရိတ်များ သိသိသာသာတိုးမြင့်ခဲ့သော်လည်း ဆိုဗီယက်ပြည်ထောင်စု၏ အချက်အလက်ကို မရနိုင်ဟု Liang က ဆက်လက်ပြောဆိုခဲ့သည်။
စစ်အသုံးစရိတ်ကို အမြင့်မားဆုံး အသုံးပြုနေသည့် နိုင်ငံ ၁၅ နိုင်ငံလုံး အပါအဝင် နိုင်ငံပေါင်း ၁၀၀ ကျော်သည် ပြီးခဲ့သည့်နှစ်က ၎င်းတို့၏ စစ်ဘက်ဆိုင်ရာ အသုံးစရိတ်များကို တိုးမြှင့်ခဲ့ကြသည်ဟု အစီရင်ခံစာက ဖော်ပြခဲ့သည်။
Ref: ဖရန့်၂၄