ပညာမြင့်မှ လူမျိုးတင့်မည် ဆိုတဲ့ဆောင်ပုဒ်ကို လူတိုင်းကြားဖူးကြပါလိမ့်မယ်။ ဒါကတော့ပညာရဲ့ အရေးပါမှုကိုထင်ဟပ်စေတဲ့ ဆောင်ပုဒ်လည်း ဖြစ်ပါတယ်။နိုင်ငံတစ်နိုင်ငံဟာ ပညာတတ် တွေပေါ်ထွန်းလာစေမှသာလျှင် ပညာတတ်တွေအားနဲ့ ခေတ်မီတိုးတက်တဲ့နိုင်ငံတစ် နိုင်ငံကို ရရှိစေမှာဖြစ်ပါတယ်။ လက်ရှိ ခေတ်မှာလည်း လူငယ်တွေအနေနဲ့ပညာရဲ့အရေးပါမှုတွေ၊ ပညာရဲ့ အသုံးဝင်မှုတွေကို ပိုမိုသိနားလည် မှုတွေနဲ့အတူ ပညာကိုရှာဖွေ ဆည်းပူးမှုတွေလည်း များစွာ လုပ်ဆောင်နေကြပါပြီ။ ဒီလိုပဲ အနုပညာလောကမှာလည်းကိုယ် ဝါသနာပါရာ အနုပညာရပ်တွေကိုလည်း လုပ်ဆောင်နေပြီး တစ်ဖက်မှာလည်း ပညာရေးနဲ့ ပတ်သက်လို့ လစ်ဟင်းသွားမှု မရှိရလေအောင် ကြိုးစားလုပ်ဆောင်နေကြတဲ့ လူငယ်တွေအများကြီးပါ။
သဘင်အနုပညာမှာ ဆိုရင် လည်း လက်ရှိအောင်မြင် ကျော်ကြား နေကြတဲ့ သဘင် မင်းသား၊ မင်းသမီး တွေအများစုက ခေတ်ပညာတတ် လူငယ်၊ လူရွယ်တွေများပါတယ်။ ဆိုင်ရာဆိုင်ရာ တက္ကသိုလ်တွေကနေ ဘွဲ့တွေ အသီးသီးရအောင်ကြိုးစား ပြီးမြန်မာ့ဇာတ်သဘင်ကိုလည်း ခေတ်ပညာရဲ့ အတွေးတွေနဲ့ နိုင်ငံ တကာအထိ ထိုးဖောက်နိုင်အောင် ကြိုးစားလုပ်ဆောင်နေကြလျက်ရှိ ပါတယ်။ မြန်မာ့ဇာတ်သဘင်ဟာ နိုင်ငံ တကာ ကနေ အထူးစိတ်ဝင်စားကြတဲ့ မြန်မာမှုအနုပညာတစ်ရပ်ပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာ့ဇာတ်သဘင်ကို စိတ်ဝင်တစားကြည့်ရှုဖို့ အတွက် ကမ္ဘာ့နိုင်ငံအသီးသီးက ဖိတ်ခေါ်ခဲ့တာတွေလည်း အများ အပြားပါ။ ဒီလိုဖိတ်ခေါ်မှုတွေနဲ့အတူ သွားရောက်ဖျော်ဖြေကြရတဲ့အခါမှာတော့ ကိုယ့်နိုင်ငံရဲ့အနုပညာကို နိုင်ငံတကာကလူတွေသိအောင် ရှင်း လင်း ပြောပြကြရတာတွေ၊သူတို့ရဲ့ မေးခွန်းတွေကိုရှင်းလင်း ပြောပြရတာတွေလည်း ရှိပါတယ်။
ဒီအခါမှာတော့ ကမ္ဘာသုံး ဘာသာစကားတွေနဲ့ ရှင်းလင်းပြောပြ ရပါတယ်။ ဒီ့အတွက်ကြောင့် တစ်ဖက်မှာလည်း ဘာသာစကား ရပ်ဆိုင်ရာ ပညာရေးနဲ့ပတ်သက်ပြီး ကြိုးစားလေ့လာထားရတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပညာရဲ့အရေးပါမှုနဲ့အတူ သဘင် လောကသားတွေရဲ့ကလေးငယ်များ ကိုပညာတတ်ကြီးတွေဖြစ်စေချင်တဲ့ စိတ်ဆန္ဒတွေရှိကြတဲ့အတွက်လည်း မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး(ဗဟို)နဲ့ သဘင်လူမှုကူညီ စောင့်ရှောက်ရေး (ဗဟို)တို့က သဘင် မိသားစုဝင်တွေရဲ့ သားသမီးများကိုပညာရေးထောက်ပံ့ ပစ္စည်းများ ကိုကျောင်းဖွင့်ကာလဖြစ်တဲ့ ဇူလိုင်လလောက်က ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ပါတယ်။
ဒီလိုထောက်ပံ့ပေးအပ်လှူဒါန်းမှုမှာတော့ ကလေးငယ်တွေအတွက် ဗလာ စာအုပ်များ၊စာရေး ကိရိယာ များကို သဘင်အစည်း အရုံး(ဗဟို)
မှအမှုဆောင်လူကြီးများနဲ့အတူ သဘင်လူမှုကူညီစောင့်ရှောက်ရေး ကော်မတီ(ဗဟို)မှ အမှုဆောင် လူကြီးများ ကလည်း ပါဝင်လှူဒါန်းခဲ့ ကြသလို ဇာတ်ပွဲ စီစဉ်သူများအလွှာ၊ လူရွှင်တော်အသင်း(ရန်ကုန်)တို့အပြင် အလှူရှင်များကလည်း အသီးသီး ပါဝင်လှူဒါန်းခဲ့ကြပါတယ်။
” သဘင်လူမှုကူညီ စောင့်ရှောက်ရေးကော်မတီရဲ့အဓိက ရည်ရွယ်ချက်ကတော့ ငွေကြေးမရှိလို့ ကျန်းမာရေး အတွက် ဆေးမကုနိုင် တဲ့သူတွေ သဘင်မှာ မရှိစေရဘူး။ ငွေကြေးမတတ်နိုင်လို့ပညာရေးဆက် လက်မသင်နိုင်တဲ့ သဘင်အနုပညာရှင်ရဲ့ကလေးငယ်တွေ မရှိစေရဘူးဆိုတာကတော့ အဓိကပါပဲ” လို့အဆိုပါနေ့လှူဒါန်းမှု အခမ်းအနားတွင် သဘင်အစည်း အရုံး(ဗဟို)ဥက္ကဋ္ဌ ဦးဖိုးချစ် ကပြောခဲ့ပါတယ်။ နိုင်ငံအတွက်ပညာတတ်တွေ လိုအပ်သလို သဘင်အတွက်လည်းပညာတတ်တွေလိုအပ်တယ်ဆိုတာ အဆိုပါ လှူဒါန်းမှု အခမ်းအနားက မီးမောင်းထိုးပြလိုက်တာလည်း ဖြစ်ပါတယ်။
” ပညာရေးက အရေးကြီးပါတယ်။ ဘယ်သူတွေကိုပညာတတ် စေချင်လဲဆိုရင် အနာဂတ်ရဲ့ မျိုးဆက်သစ်တွေကို ပညာတတ် စေချင် ပါတယ်။ အဲဒီ့အထဲကမှ ဆင်းရဲနွမ်း ပါးရှာတဲ့ သဘင်ပညာရှင်တွေရဲ့ ရင်သွေးငယ်တွေကို ပိုပြီးတော့ ပညာတတ်စေချင်ပါတယ်။ ကျွန် တော်တို့သဘင်ပညာရှင်တွေထဲက ကလေး ငယ်တွေကျောင်းနေရ မယ့် အရွယ်မှာ ကျောင်းကိုနေစေချင်တာပါ” လို့ သဘင်လူမှုကူညီစောင့် ရှောက်ရေးကော်မတီ(ဗဟို)ရဲ့ ဒုတိ ယဥက္ကဋ္ဌ ဦးဟန်ဇာမိုးဝင်းကလည်း ကလေးငယ်တွေကို ပညာတတ် စေချင်တဲ့ သူ့ရဲ့စိတ်ဆန္ဒကို လှစ်ဟ ပြောပြခဲ့ပါတယ်။ ဒါ့အပြင် အခုလိုထောက်ပံ့မှုတွေနဲ့အတူပဲ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာထူး ချွန်စွာအောင်မြင်ခဲ့ကြတဲ့ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများကိုလည်း ဆုချီးမြှင့်သွားမယ့် အစီစဉ်တွေလည်း မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံး(ဗဟို)မှာ ရှိခဲ့ပါတယ်။
” ကျွန်တော်တို့ သဘင်အနုပညာ ရှင်တွေရဲ့သားသမီးတွေက ပညာ ရေးဘက်မှာ တအားအားနည်းပါတယ်။ ဘာကြောင့်အားနည်းတာလဲဆိုရင် သဘင်ဟာ တစ်နှစ်ပတ်လုံး နယ်လှည့်ကပြကြရတာပါ။ အဲဒီလို ကပြတဲ့အခါ ကိုယ့်ရဲ့ ကလေးတွေကို ပြန်မကြည့်နိုင်ကြတော့ဘူး။ အဲဒီ တော့ ကလေးတွေ ကပညာရေး အားနည်းတယ်။ ဒါကြောင့် ကျွန် တော်တို့အနုပညာရှင်တွေရဲ့သား သမီးတွေကိုပညာရေးတိုးတက်လာ စေဖို့အတွက်ရှေ့လျှောက်လည်း ကျွန်တော်တို့ လူရွှင်တော်အသင်း ဘက် ကလည်း တတ်နိုင်သလောက် ပါဝင်ကူညီပေးသွားပါ့မယ်” လို့ လူရွှင်တော်အသင်းမှ ကိုအောင်သော်ကလည်း ပညာရေးထောက်ပံ့မှု နဲ့ပတ်သက်လို့ပြောပြခဲ့ပါတယ်။ ဒါကြောင့်လည်း မြန်မာ့ ဇာတ်သဘင် ဟာ ခေတ်ရဲ့တိုးတက်မှု ပြယုဂ်တွေနဲ့ ယှဉ်တွဲကာ ခေတ်ပညာတတ် မျိုးဆက် လက်ဆင့်ကမ်းမှုတွေ နဲ့အတူ နိုင်ငံတကာအထိ ထိုးဖောက် ဝင်ရောက်နိုင်ဖို့ ကြိုးစား နေကြမှုတွေ ကို မြင်တွေ့ရနေပါတယ်လို့ဆိုလိုက်ချင်ပါတော့တယ်။
လင်းအက္ခရာ