ဧရာဝတီတိုင်းအတွင်း မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ ပဲပုတ် အစရှိသည့် ဆီထွက်သီးနှံစိုက်ဧကများ တိုးချဲ့စိုက်ပျိုးရန် ဖြစ်ထွန်းအောင်မြင်မည့် မြေနေရာများရရှာဖွေဆောင်ရွက်ရန်နှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီများအနေဖြင့် အနီးကပ်ကြီးကြပ်၍ ဆောင်ရွက်ကြရန် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက မှာကြားသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွေဝါ ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပသည့် စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဝန်ကြီးချုပ်က မှာကြားခဲ့ခြင်း ဖြစ်သည်။
တိုင်းဒေသကြီးအတွင်း၌ စိုက်ဧကများ ပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်း ရောက်ရှိရေး၊ ဆီဖူလုံရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အဆိုပါ လုပ်ငန်းများ အောင်မြင်စေရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန်လည်း ဝန်ကြီးချုပ်ကပြောကြားခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၏ အဓိကသီးနှံများ စိုက်ပျိုးထွက်ရှိမှု၊ မိုးစပါး၊ နွေစပါး ပန်းတိုင်အထွက်နှုန်းမြင့်မားရေးနှင့် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ စိုက်ပျိုးမှု၊ မြို့၏ (၃)မိုင်ပတ်လည် Green Zone များ အကောင် အထည်ဖော်ဆောင်လျက်ရှိမှု အခြေအနေများနှင့် Export zone များဖော်ထုတ်ဆောင်ရွက်သွားမည့် အခြေအနေများကို တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ပြန်လည်ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ထို့ပြင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက နိုင်ငံ့စီးပွားမြှ င့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
