အွန်လိုင်းမှတဆင့် တတ်ရောက်သင်ကြားနိုင်မည့် ဥပဒေပညာဘွဲ့လွန်ဒီပလိုမာသင်တန်းကို ဧပြီလတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ရန်ကုန်အဝေးသင်တက္ကသိုလ်မှ ထုတ်ပြန်ထားသည်။
ရန်ကုန်အဝေးသင်တက္ကသိုလ် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု အစီအစဉ်ဖြင့် ဥပဒေပညာဌာနမှ ဦးစီး၍ 19th Batch Post Graduate Diploma in Law (PGDL) အတွက်သင်တန်းသားခေါ်ယူမည်ဖြစ်ပြီး အဆိုပါသင်တန်းအတွက် ဥပဒေဘွဲ့မှအပ အခြားဘွဲ့ တစ်ခုခု ရရှိပြီးသူများ လျှောက်ထားနိုင်ကြောင်း သိရသည်။
” သင်တန်းကာလက (၁၀) လ။ ပထမနှစ်ဝက်နဲ့ ဒုတိယနှစ်ဝက်။ နှစ်ကြိမ်တော့ လာတတ်ရပါမယ်။ ကျန်တာတော့ အွန်လိုင်းကနေတတ်ရမှာဖြစ်ပါတယ်” ဟု ရန်ကုန်အဝေးသင်တက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ သင်တန်းလျှောက်လွှာကို မတ်လ (၆)ရက်တွင် စတင်လက်ခံမည်ဖြစ်ပြီး ဝင်ခွင့်လျှောက်လွှာတွင် အထောက်အထားများဖြင့် ပူးတွဲတင်ပြ၍ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းဝင်ခွင့်လျှောက်လွှာများကို ရန်ကုန်အဝေးသင်တက္ကသိုလ်၏ https://law.hrd.vude.edu.mm website မှတစ်ဆင့် မတ်လ (၆) ရက်၊ နံနက်(၉)နာရီမှ စ၍ Online ဖြင့်ဝင်ခွင့်လျှောက်လွှာ ဖြည့်သွင်း၍ လျှောက်ထားနိုင်ပြီး သင်တန်းသားဦးရေကန့်သတ်ထားသဖြင့် သတ်မှတ်ဦးရေပြည့်ပါက ဝင်ခွင့်လျှောက်လွှာ ပိတ်မည်ဖြစ်သည်။
Online ဝင်ခွင့်အောင်မြင်ပြီး သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူများအား ဝင်ခွင့်ရရှိကြောင်း email ဖြင့် အကြောင်းကြားမည်ဖြစ်ပြီး အချက်အလက်မပြည့်စုံသောလျှောက်လွှာများကို လုံးဝ(လုံးဝ) လက်ခံမည်မဟုတ်ကြောင်း အသိပေးထားသည်။
ဝင်ခွင့်ရရှိသူများသည် မတ်လ (၂၄)ရက် မှ (၂၉)ရက်အထိ ရုံးဖွင့်ရက် ရုံးချိန်အတွင်း ရန်ကုန်အဝေးသင် တက္ကသိုလ်တွင်ကျောင်းအပ်ရမည်ဖြစ်ပြီးသင်တန်းနှင့်ပတ်သက်၍ ဖုန်း ၀၉-၆၈၀၈၉၉၈၅၉၊ -၀၁-၅၃၆၅၈၁၊ ၀၁-၂၃၀၅၉၃၈၊ ၀၁- ၅၂၅၁၆၄ တို့သို့ ရုံးချိန်အတွင်း အသေးစိတ်ကို မေးမြန်းစုံစမ်းနိုင်ကြောင်း အသိပေးထားသည်။