နယူးယောက်တိုင်းမ်စ်သတင်းစာသို့ ပေးပို့ခဲ့သော သတင်းပေးပို့ချက်များအရ အီလွန်မတ်စ်သည် ဒေါ်နယ်ထရမ့်၏ အရင်းနှီးဆုံး အကြံပေးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေစဉ်အတွင်း မူးယစ်ဆေးဝါးများကို အလွန်အကျွံ သုံးစွဲခဲ့ပြီး ကီတမင်းကို မကြာခဏ သုံးစွဲလွန်းသဖြင့် ဆီးအိတ်ပြဿနာများ ဖြစ်ပေါ်ခဲ့ကာ နေ့စဉ် ဆေးပြား ၂၀ ခန့်ကို အမြဲဆောင်နေရသူဖြစ်ကြောင်း သိရသည်။
အီလွန်မတ်စ်သည် ၎င်း၏နိုင်ငံရေးဩဇာကြီးထွားလာချိန်တွင် ကီတမင်း၊ အက်စတစီတို့အပါအဝင် စိတ်ကြွဆေးများကို ပုံမှန်သုံးစွဲခဲ့ကြောင်း ၎င်း၏လှုပ်ရှားမှုများနှင့် ရင်းနှီးကျွမ်းဝင်သူ အမည်မဖော်လိုသူ သတင်းရင်းမြစ်များက နယူးယောက်တိုင်းမ်စ်သတင်းစာသို့ပြောကြားခဲ့သည်။
သူ၏မူးယစ်ဆေးသုံးစွဲမှုသည် ထရမ့်အား သမ္မတရွေးကောက်ပွဲအတွက် ဒေါ်လာ ၂၇၅ သန်း လှူဒါန်းပြီးနောက် “အစိုးရ စွမ်းဆောင်ရည် မြှင့်တင်ရေးဌာန” သို့မဟုတ် Doge ကို ဦးဆောင်သည့် ၎င်း၏အခန်းကဏ္ဍမှတစ်ဆင့် သိသာထင်ရှားသော စွမ်းအားကို ရယူလာချိန်တွင် ပိုမိုပြင်းထန်လာခဲ့သည်ဟု ဆိုသည်။
မတ်စ်သည် မကြာမီကပင်လျှင် အစိုးရဝန်ဆောင်မှုဌာနမှ နှုတ်ထွက်ကြောင်း ကြေညာခဲ့သည်။ လွန်ခဲ့သည့် လအနည်းငယ်အကြာကလည်း သူသည် ကက်ဘိနက်အဖွဲ့ဝင်များကို စော်ကားခြင်းနှင့် နိုင်ငံရေးစုဝေးပွဲတစ်ခုတွင် နာဇီပုံစံ နှုတ်ဆက်ခြင်းကဲ့သို့သော ထူးဆန်းသည့် အပြုအမူများကို ပြသခဲ့သည်။
အက်စတစီကို မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (DEA) မှ ဆေးဘက်ဆိုင်ရာအသုံးပြုမှု မရှိသော Schedule I ထိန်းချုပ်ထားသော ပစ္စည်းအဖြစ် သတ်မှတ်ထားပြီး ဖက်ဒရယ်ဝန်ထမ်းများအတွက် လုံးဝတားမြစ်ထားသည်။ သို့သော် မတ်စ်အား “အထူးအစိုးရဝန်ထမ်း” အဖြစ် သတ်မှတ်ထားပြီး သူ့အနေဖြင့် ပုံမှန်ဝန်ထမ်းများကဲ့သို့ တင်းကျပ်သော စည်းမျဉ်းများကို လိုက်နာရန် မလိုအပ်ပေ။
ကီတမင်းကို Schedule III ပစ္စည်းအဖြစ် တရားဝင် ဆေးညွှန်းဖြင့် သုံးစွဲနိုင်သော်လည်း ပျော်ရွှင်ရန် သုံးစွဲခြင်း သို့မဟုတ် အခြားဆေးဝါးများနှင့် ရောနှောသုံးစွဲခြင်းသည် ဖက်ဒရယ်အလုပ်ခွင် မူဝါဒများကို ချိုးဖောက်မှုဖြစ်ဖွယ်ရှိသည်။
အီလွန်မတ်စ်ကိုယ်တိုင်ကလည်း “ကီတမင်း အရမ်းများသွားရင် အလုပ်ကို တကယ်မလုပ်နိုင်ဘူး၊ ကျွန်တော်မှာ အလုပ်တွေ အများကြီးရှိတယ်” ဟု ၂၀၂၄ ခုနှစ် မတ်လတွင် သတင်းသမား ဒွန်လေမွန်ကို ယခင်က ပြောကြားခဲ့ဖူးသည်။
သို့သော်လည်း ပြီးခဲ့သည့်နှစ် နွေဦးရာသီတွင် မတ်စ်သည် ၎င်း၏ကီတမင်းသုံးစွဲမှုက ဆီးအိတ်ကို ထိခိုက်နေကြောင်း လုပ်ဖော်ကိုင်ဖက်များကို ပြောကြားခဲ့သည်ဟု နယူးယောက်တိုင်းမ်စ်သတင်းစာက ဖော်ပြခဲ့သည်။ ၎င်းသည် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်း၏ လူသိများသော နောက်ဆက်တွဲ ပြဿနာတစ်ခုဖြစ်ပြီး၊ ကီတမင်းတွင် စိတ်ကိုပြောင်းလဲစေသည့် ဂုဏ်သတ္တိများရှိကာ လက်တွေ့ဘဝမှ ခွဲထွက်ခြင်းကို ဖြစ်စေနိုင်သည်။
၎င်း၏ ပုံမှန်ဆေးသေတ္တာတွင် Adderall အမှတ်အသားပါသော ဆေးပြားများနှင့် အခြားအရာများ ပါဝင်ကြောင်း ထိုသေတ္တာ၏ ဓာတ်ပုံများကို မြင်တွေ့ခဲ့ရသော နယူးယောက်တိုင်းမ်စ်သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
အဆိုပါသတင်းများနှင့်ပတ်သက်၍ မတ်စ်အား မူးယစ်ဆေးဆိုင်ရာ စစ်ဆေးမှု ပြုလုပ်ခြင်း ရှိ၊ မရှိ အိမ်ဖြူတော်သို့ မေးမြန်းသောအခါ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဟယ်ရီဆန် ဖီးလ်စ်က “မတ်စ်သည် အမေရိကန်အခွန်ထမ်းများအတွက် အခြားသော နိုင်ငံရေးသမားများစွာထက် ပိုမိုအောင်မြင်မှုများ ဆောင်ရွက်ခဲ့သည်” ဟုဆိုကာ မေးခွန်းကို ရှောင်လွှဲဖြေကြားခဲ့ကြောင်း နယူးယောက်တိုင်းမ်စ်က ဆိုသည်။
