ယခုနှစ်အတွင်း ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲ၌ အီလက်ထရောနစ်မဲပေးစက်ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ရေးအတွက် ရန်ကုန်ရှိ ဆရာ၊ ဆရာမများကို သင်တန်းပေးရန်ရှိနေသည်ဟု သိရသည်။
အီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းအဖြစ် ပေးရန်ရှိနေခြင်း ဖြစ်ကာ မဲရုံအရေအတွက် နည်းပါးနိုင်သည့် လသာမြို့နယ်၌ အီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်းကို ၂ ရက်သာပြုလုပ်မည် ဖြစ်သည်ဟုလည်း သိရှိရသည်။
သင်တန်းပေးမှုကို ယမန်နေ့ (ဇူလိုင် ၁၄ ရက်)က စတင်သည်ဟုလည်း ပညာရေးဝန်ထမ်းများထံမှ သိရပြီး အဓိကအားဖြင့် မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာကို မျှဝေပေးနေခြင်း ဖြစ်သည်ဟု သိရသည်။
လတ်တလောတွင် ရွေးကောက်ပွဲ၌ အသုံးပြုရန်အတွက် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) အလုံးရေ ငါးသောင်းခွဲနီးပါးထုတ်လုပ် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က ပြောထားသည်။
ကျင်းပတော့မည့် ရွေးကောက်ပွဲ၌ စာရွက်ဖြင့်မဲပေးခြင်းအစား အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးရန် ပထမဆုံးပြောင်းလဲဆောင်ရွက်ခြင်းလည်းဖြစ်သည်။
မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ ရွေးကောက်ပွဲစနစ်ကို First Past the Post (FPTP) စနစ်ဖြင့် ကျင့်သုံးခဲ့ပြီး ယခုရွေးကောက်ပွဲမှစတင်ကာ PR စနစ်ဖြင့် ပြောင်းလဲကျင့်သုံးမည်ဖြစ်သည်။
ဒီဇင်ဘာလတွင် ကျင်းပရန် လျာထားသည့် ရွေးကောက်ပွဲကို တိုင်းဒေသကြီး နှင့် ပြည်နယ်အားလုံး၌ ဦးစားပေးအစီအစဉ်အတိုင်း အပိုင်းခွဲ၍ ကျင်းပမည်ဖြစ်ကာ လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လက်ရှိ စာရင်းဇယားများအရ မြို့နယ်ပေါင်း (၂၆၇) မြို့နယ်၌ ရွေးကောက်ပွဲ ကျင်းပရန် လျာထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကျင်းပမည့်ရက် ထုတ်ပြန်ကြေညာပြီးသည့်အချိန်၌ ဖြစ်ပေါ်နေသည့် နယ်မြေဒေသလုံခြုံရေး အခြေအနေအရ ရွေးကောက်ပွဲ ကျင်းပနိုင်သည့် မြို့နယ်များ၌ ဆောင်ရွက်သွားမည်ဖြစ်ပြီး မကျင်းပနိုင်သည့် နယ်မြေများကိုလည်း ထုတ်ပြန်ကြေညာပေးမည် ဖြစ်သည်ဟုလည်း သိရသည်။
