အီရန်နိုင်ငံ တောင်ပိုင်း ဘန်ဒါအဘတ်စ်ဆိပ်ကမ်းတွင် ဧရာမပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့သောကြောင့် လူ 28 ဦးထက်မနည်း ေ-သဆုံးကာ 800 ခန့် ဒဏ်ရာရခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနကို ကိုးကား၍ နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။
ဆိပ်ကမ်းအဆောက်အအုံ၏ Shahid Rajaee အပိုင်းတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ ဧရာမမီးခိုးလုံးကြီးထွက်ပေါ်ခဲ့သည်ကို တွေ့ရသည်။ ပေါက်ကွဲမှုသည် သိုလှောင်ထားသည့် ဓါတုပစ္စည်းများနှင့် ဆက်နွယ်ဖွယ်ရှိသည်ဟု အစိုးရက ပြောဆိုသည်။
လေပြင်းတိုက်နေသည့်ကြားမှ ဆက်လက်မီးငြိမ်းသတ်နေဆဲဖြစ်ပြီး ပျောက်ဆုံးနေသူ ခြောက်ဦးရှိကြောင်း အီရန်ပြည်ထဲရေးဝန်ကြီး အက်စ်ကန်ဒါ မိုမန်နီက ပြောကြားခဲ့သည်။
ပေါက်ကွဲမှုဖြစ်ရသည့် အကြောင်းရင်းကို မသိရသေးဘဲ အကြောင်းရင်းကို ဖော်ထုတ်ရန် အချိန်အနည်းငယ်ယူရမည်ဟု အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောဆိုသည်။ သို့ရာတွင် ဆိပ်ကမ်းထောင့်တစ်နေရာတွင် ထားရှိသည့် ကွန်တိန်နာများအတွင်းမှ ဓါတုပစ္စည်းများ ပေါက်ကွဲခြင်းဖြစ်ဖွယ်ရှိသည်ဟု သူက ပြောဆိုခဲ့သည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် လေထုညစ်ညမ်းမှု သိသိသာသာမြင့်တက်ခဲ့ပြီး အီရန်အာဏာပိုင်များက ဘန်ဒါအဘတ်စ်မြို့ကို အရေးပေါ်အခြေအနေကြေညာခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာနသည် အများပြည်သူကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရန်အတွက် ကျန်းမာရေးအဖွဲ့များကို စုစည်းကာ အရေးပေါ်အစီအမံများကို ဆောင်ရွက်လျက်ရှိသည်။ ပြည်သူများကို နေအိမ်အတွင်းမှာသာ နေကြရန်နှင့် ပြင်ပတွင် သွားလာလှုပ်ရှားမှုများ မလုပ်ကြရန်၊ ပြတင်းပေါက်များကို ပိတ်ထားကြရန် အကြံပြုထားသည်ဟု အီရန်မီဒီယာများက ဖော်ပြခဲ့သည်။
Ref: စီအင်န်အင်န်