အီရန်ရေနံတင်ဆောင်ထားသည့် ပထမဆုံး ရေနံတင်သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြားရှိ ပိတ်ဆို့မှုဧရိယာမှ ထွက်ခွာသွားပြီဖြစ်ကြောင်း သင်္ဘောလမ်းကြောင်း စောင့်ကြည့်ရေးဝက်ဘ်ဆိုက်တစ်ခုက ဇွန် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ဖြစ်စဉ်မှာ အမေရိကန်နှင့် အီရန်တို့အကြား နျူကလီးယားအစီအစဉ်နှင့် စီးပွားရေးပိတ်ဆို့မှုများ လျှော့ပေါ့ရေးဆိုင်ရာ ဆွေးနွေးမှုများ မစတင်မီ နှစ်ရက်အလိုတွင် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။
ဆွစ်ဇာလန်နိုင်ငံ၌ ဇွန် ၁၉ ရက်တွင် ကျင်းပမည့် ဆွေးနွေးပွဲနှင့်ပတ်သက်၍ အကောင်းမြင်မျှော်လင့်ချက်များ မြင့်တက်လာသဖြင့် ကမ္ဘာ့ရေနံဈေးနှုန်းများလည်း ကျဆင်းခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
ရေနံတင်ပို့မှုနှင့် သိုလှောင်မှုဆိုင်ရာ အချက်အလက်များကို စောင့်ကြည့်လေ့လာသည့် Tanker Trackers ၏ အဆိုအရ အီရန်နိုင်ငံပိုင် ရေနံတင်သင်္ဘောကုမ္ပဏီ (NITC) ပိုင် VLCC အမျိုးအစား ရေနံတင်သင်္ဘောကြီး နှစ်စင်းသည် အီရန်ရေနံစိမ်း စည်ပေါင်း ၃ ဒသမ ၈ သန်းခန့် တင်ဆောင်ကာ ထွက်ခွာသွားခဲ့ပြီး နောက်ပိုင်းတွင် တတိယမြောက် သင်္ဘောတစ်စင်းလည်း ထွက်ခွာခဲ့ကြောင်း သိရသည်။
Tanker Trackers က ယခုဖြစ်ရပ်သည် နှစ်လအတွင်း အီရန်၏ ပထမဆုံး ရေနံစိမ်းတင်ပို့မှုဖြစ်ကြောင်း ဂြိုဟ်တုပုံရိပ်များနှင့် ဒစ်ဂျစ်တယ်ခြေရာခံအချက်အလက်များကို ကိုးကား၍ ထုတ်ပြန်ခဲ့သည်။
ထို့ပြင် အပြီးသတ်သဘောတူညီချက်ရရှိရေး ဆွေးနွေးမှုများကို လာမည့်ရက်ပိုင်းအတွင်း စတင်သွားမည်ဖြစ်ပြီး အီရန်၏ နျူကလီးယားအစီအစဉ်နှင့် နိုင်ငံတကာ စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရေးကိစ္စများကို အဓိက ဆွေးနွေးသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားထားသည်။
Ref: The Straits Times
