နှစ်နိုင်ငံအကြား ယခင်က ချုပ်ဆိုထားသည့် စာချုပ်အရ ရုရှားနိုင်ငံသည် အီရန်တွင် နျူကလီးယား ဓာတ်အားပေးစက်ရုံ ၈ ရုံ တည်ဆောက်မည်ဟု အီရန်နျူကလီးယား အကြီးအကဲက ကြေညာခဲ့ကြောင်း တရားဝင် သတင်းအေဂျင်စီ IRNA က ဖော်ပြ လိုက်သည်။
အီရန် အဏုမြူစွမ်းအင်အဖွဲ့ (AEOI) ဥက္ကဋ္ဌ မိုဟာမက် အက်စ်လမီ သည် တနင်္လာနေ့တွင် တေရန်ရှိ AEOI ရုံးချုပ်သို့ အီရန်ပါလီမန်၏ နိုင်ငံတော်လုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒရေးရာ ကော်မတီအဖွဲ့ဝင်များ လာရောက်စဉ် ယင်းမှတ်ချက်ကို ပြောကြားခဲ့ခြင်းဖြစ်သည်။
စီစဉ်ထားသော နျူကလီးယား ဓာတ်ပေါင်းဖို ရှစ်ခုအနက် လေးခုကို တောင်ပိုင်း ဘူရှီဟာ ပြည်နယ်တွင် တည်ဆောက်မည်ဖြစ်ကြောင်း အက်စ်လမီ က ပြောကြားခဲ့သည်။
လက်ရှိ ဘူရှီဟာ နျူးကလီးယားဓါတ်အားပေးစက်ရုံတွင် ယူနစ် ၂ နှင့် ၃ တို့ရရှိကြောင်း အသေးစိတ်အသိပေးဖော်ပြထားပြီး ဆက်လက်တည်ဆောက်နေသည့် အဆိုပါယူနစ်များကို အီရန်ကုမ္ပဏီများက တည်ဆောက်နေကြောင်း အလေးပေးပြောကြားခဲ့သည်။
ပါလီမန် ကိုယ်စားလှယ်အဖွဲ့ ၏ခရီးစဉ်အပြီး သတင်းထောက်များကိုပြောကြားရာတွင် AEOI သည် နိုင်ငံ၏ ပိုမိုကျယ်ပြန့်သော စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အီရန်နိုင်ငံ၏ နျူကလီးယား ဓာတ်အားထုတ်လုပ်နိုင်မှုစွမ်းရည်ကို သုံးဆတိုးမြှင့်ရန် အစီအစဉ်ရှိကြောင်း အက်စ်လမီ က ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ် မေလတွင် ရုရှားက အပြီးသတ်တည်ဆောက်ခဲ့သော ဘူရှီဟာ စက်ရုံသည် အီရန်၏ ပထမဆုံးနှင့် တစ်ခုတည်းသော လုပ်ငန်းလည်ပတ်နေသော နျူကလီးယားစွမ်းအင်သုံး စက်ရုံဖြစ်ပြီး နိုင်ငံ၏အရပ်ဘက်နျူကလီးယားစွမ်းအင်အစီအစဉ်တွင် အဓိကအချက်အချာကျပြီး ရုရှားနိုင်ငံပိုင် နျူကလီးယားအေဂျင်စီ ရို့စ်အက်တမ် နှင့် ကာလရှည်ကြာစွာ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
Ref:ရှင်းဟွာ