ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းရှိ အမေရိကန်စစ်စခန်းတစ်ခုတွင် မပေါ-က်ကွဲသေးသော လက်နက်ခဲယမ်းများ သိုလှောင်ထားရာနေရာတွင် ပေါ-က်ကွဲခဲ့သောကြောင့် ဂျပန်စစ်သားလေးဦး ဒဏ်ရာရခဲ့သော်လည်း အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း တာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
လက်ချောင်းများ၌ ဒဏ်ရာများရရှိခဲ့သော စစ်သားလေးဦးသည် အိုကီနာဝါစီရင်စုရှိကျွန်းပေါ်တွင် တွေ့ရှိခဲ့သော မပေါ-က်ကွဲသေးသည့် လက်နက်ခဲယမ်းအများစုကို ယာယီသိုလှောင်ထားသည့် အဆောက်အအုံတွင် တာဝန်ထမ်းဆောင်နေသူများဖြစ်သည်ဟု ဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း အပြင်းထန်ဆုံးဖြစ်ပွားခဲ့သော တို-က်ပွဲများထဲမှ တစ်ခုသည် အိုကီနာဝါတွင် ဖြစ်ပွားခဲ့သည်။
ရရှိခဲ့သောဒဏ်ရာများသည် အသက်အန္တရာယ်စိုးရိမ်စရာမရှိဟု စီရင်စုအရာရှိများက ပြောဆိုသော်လည်း အခြားအသေးစိတ်အချက်အလက်များကိုမူ လတ်တလောတွင် မသိရသေးဟု ဆိုသည်။
ကာဒီနာလေတပ်စခန်း၏ ခဲယမ်းများသိုလှောင်ရာနေရာရှိ အိုကီနာဝါစီရင်စုအစိုးရက စီမံခန့်ခွဲသည့် အဆောက်အအုံတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု အမေရိကန်လေတပ်က ထုတ်ပြန်ပြောဆိုခဲ့သည်။ အဆိုပါဖြစ်စဉ်တွင် အမေရိကန်စစ်သည်များ ပါဝင်ပတ်သက်ခြင်း မရှိခဲ့ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
စစ်သားများက အဆောက်အအုံတွင် လက်နက်ပစ္စည်းများကို စစ်ဆေးနေချိန် စက်ပစ္စည်းထဲမှတစ်ခုသည် ရုတ်တရက်ပေါ-က်ကွဲခဲ့သည်ဟု ဂျပန် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၏ ပူးတွဲအမှုထမ်းဌာနက ပြောကြားခဲ့သည်။ စစ်သားများသည် သံချေးများကို ရှင်းလင်းဖယ်ရှားနေစဉ် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု အင်န်အိပ်ချ်ကေရုပ်သံက သတင်း ထုတ်လွှင့်ခဲ့သည်။
မတော်တဆမှုဖြစ်ပွားရသည့် အကြောင်းရင်းကို အတည်ပြုရန် ကြိုးစားနေသည်ဟု ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်က ပြောကြားခဲ့သည်။
Ref: အေပီ
