အိမ်ဖြူတော်အပြင်ဘက်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး လမ်းသွားလမ်းလာတစ်ဦးကို ထိမှန်စေခဲ့ကာ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့၏ ပြန်လည်ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည့် သေနတ်သမားသည် ယခင်ကလည်း ထိုနေရာရှိ အာဏာပိုင်များနှင့် ပြဿနာဖြစ်ပွားခဲ့ဖူးကြောင်း တရားရုံးမှတ်တမ်းများအရ သိရသည်။
ဝါရှင်တန်ဒီစီ ရဲတပ်ဖွဲ့က ဘီဘီစီသို့ အတည်ပြုပြောကြားချက်အရ အဆိုပါအမျိုးသား၏အမည်မှာ နာဆီယား ဘက်စ်(Nasire Best)ဖြစ်ပြီး၊ သူသည် လွန်ခဲ့သည့် ၂၀၂၅ ခုနှစ် ဇွန်လအတွင်းကလည်း အိမ်ဖြူတော်အတွင်းဝင်သည့် လမ်းကြောတစ်ခုကို ပိတ်ဆို့ခဲ့ကာ မိမိကိုယ်ကိုယ် ယေရှုခရစ်တော် ဖြစ်သည်ဟု လျှို့ဝှက်ထောက်လှမ်းရေးအေးဂျင့်များကို ပြောကြားခဲ့ဖူးသည်။
ထိုဖြစ်စဉ်အပြီးတွင် သူ့ကို စိတ်ကျန်းမာရေးစစ်ဆေးမှု ခံယူရန် စေလွှတ်ခဲ့သည်။
ဘက်စ်သည် စနေနေ့ ညနေ ၆ နာရီ (EST စံတော်ချိန်) ခန့်က သမ္မတ၏အိမ်တော်အပြင်ဘက်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး၊ ထိုစဉ်က အပြင်ဘက်တွင် ဗီဒီယိုရိုက်ကူးရေးလုပ်နေသည့် သတင်းထောက်များမှာ ခေါင်းငုံ့ကာ အဆောက်အအုံအတွင်းသို့ ဘေးလွတ်ရာသို့ ထွက်ပြေးပုန်းအောင်းခဲ့ကြရသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ထိုအချိန်က အိမ်ဖြူတော်၌ ရှိနေသော်လည်း တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိပေ။
တရားရုံးမှတ်တမ်းများအရ မေရီလန်းပြည်နယ်၊ ဒန်ဒေါ့ခ်(Dundalk) မြို့သားဖြစ်သူ ဘက်စ်သည် ၂၀၂၅ ခုနှစ် ဇွန်လက ဖြစ်ပွားခဲ့သော လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့နှင့် ထိပ်တိုက်တွေ့မှုအတွင်း မိမိကိုယ်ကိုယ် အဖမ်းခံချင်သည်ဟု အေးဂျင့်များကို ပြောကြားခဲ့ကြောင်း သိရသည်။
စိတ်ကျန်းမာရေးစစ်ဆေးမှု ခံယူခဲ့ရသော်လည်း၊ တစ်လအကြာ ဇူလိုင်လတွင် သူသည် အိမ်ဖြူတော်အတွင်းသို့ ဝင်ရောက်ရန် ထပ်မံကြိုးပမ်းခဲ့ပြန်သည်။
ထိုဒုတိယအကြိမ် ဖြစ်စဉ်အပြီးတွင် ဘက်စ်ကို လျှို့ဝှက်ထောက်လှမ်းရေးအေးဂျင့်များက ဖမ်းဆီးခဲ့ပြီး၊ ဖက်ဒရယ်အစိုးရ ထိန်းချုပ်ထားသော နယ်မြေအတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် တရားစွဲဆိုခဲ့ကြောင်း တရားရုံးမှတ်တမ်းများအရ သိရသည်။
တရားမဝင်ဝင်ရောက်မှု စွဲချက်ဖြင့် ရုံးထုတ်စစ်ဆေးပြီးနောက် သူ့ကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း၊ ၂၀၂၅ ခုနှစ် ဩဂုတ်လတွင် ပြုလုပ်သည့် အခြေအနေကြားနာပွဲသို့ လာရောက်ရန် ပျက်ကွက်ခဲ့ကြောင်း မှတ်တမ်းများက ဆိုသည်။ ထို့ကြောင့် တရားရုံးက အာမခံမပေးဘဲ ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ပြီး တရားဥပဒေစိုးမိုးရေးအဖွဲ့များကို သူ့အား ဖမ်းဆီးခွင့်ပြုခဲ့သည်။
ထို့နောက် တစ်နှစ်ပင်မပြည့်သေးသည့် အချိန် ယခုစနေနေ့တွင်မူ သူသည် အိမ်ဖြူတော်အပြင်ဘက်၌ ပြန်လည်ပေါ်လာပြီး၊ အိုင်စင်ဟောင်ဝါ အမှုဆောင်ရုံးအဆောက်အအုံ(Eisenhower Executive Office Building) အနီးရှိ ၁၇ လမ်းနှင့် ပင်ဆယ်ဗေးနီးယားရိပ်သာလမ်း(17th Street and Pennsylvania Avenue NW) လမ်းဆုံရှိ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့၏ စစ်ဆေးရေးဂိတ်ကို သေနတ်ဖြင့် စတင်ပစ်ခတ်ခဲ့သည်။
လမ်းထောင့်တွင် တာဝန်ကျနေသည့် လျှို့ဝှက်ထောက်လှမ်းရေးအရာရှိများက ပြန်လည်ပစ်ခတ်ခဲ့သဖြင့် သေနတ်သမားကို ထိမှန်ခဲ့သည်။ ဘက်စ်ကို ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဆေးရုံ၌ပင် သေဆုံးသွားခဲ့ကြောင်း ကြေညာခဲ့သည်။
လမ်းသွားလမ်းလာတစ်ဦးလည်း သေနတ်မှန်ကာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သော်လည်း တနင်္ဂနွေနေ့အထိ အခြေအနေ တည်ငြိမ်နေပြီဖြစ်သည်။ အဆိုပါလမ်းသွားလမ်းလာ မည်သို့သေနတ်မှန်ခဲ့သည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ယခုတိုက်ခိုက်မှုအတွင်း အရာရှိများ တစ်စုံတစ်ရာ ဒဏ်ရာရရှိခြင်း မရှိခဲ့ပါ။
ထိုစဉ်က ထရန့်သည် အိမ်ဖြူတော်တွင် ရှိနေသော်လည်း လုံခြုံရေးကာကွယ်မှုပေးထားရသူများ နှင့် လုပ်ငန်းဆောင်ရွက်မှုများအပေါ် တစ်စုံတစ်ရာ သက်ရောက်မှုမရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
“အိမ်ဖြူတော်အနီးက သေနတ်သမားကို ဒီညနေမှာ လျင်လျင်မြန်မြန်နဲ့ ကျွမ်းကျင်ပြောင်မြောက်စွာ အရေးယူဆောင်ရွက်ပေးခဲ့တဲ့ ကျွန်ုပ်တို့ရဲ့ ကောင်းမွန်လှတဲ့ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့နဲ့ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေကို ကျေးဇူးတင်ရှိပါတယ်” ဟု ထရန့်က လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည်။
ယခုပစ်ခတ်မှုသည် အိမ်ဖြူတော် သတင်းထောက်များအသင်း၏ ညစာစားပွဲ(White House Correspondents’ Dinner) တွင် သေနတ်သမားတစ်ဦးက ပစ်ခတ်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားပြီး တစ်လအကြာတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထိုစဉ်က အခမ်းအနားကို ချက်ချင်းရပ်နားခဲ့ရပြီး တက်ရောက်လာသူ ရာပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကာ ထရန့်ကိုလည်း လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့က အကာအကွယ်ပေးလျက် အပြင်သို့ ခေါ်ဆောင်သွားခဲ့ရသည်။
