Home Movies အိမ်နီးချင်းနိုင်ငံများ၏ ပို့ကုန်/သွင်းကုန်များကိုပါသယ်ယူပို့ဆောင်ပေးနိုင်မည့် ကုန်း-ရေနှစ်သွယ်ဘက်စုံ သယ်ယူပို့ဆောင်ရေးစနစ် အကောင်အထည်ရမည်

အိမ်နီးချင်းနိုင်ငံများ၏ ပို့ကုန်/သွင်းကုန်များကိုပါသယ်ယူပို့ဆောင်ပေးနိုင်မည့် ကုန်း-ရေနှစ်သွယ်ဘက်စုံ သယ်ယူပို့ဆောင်ရေးစနစ် အကောင်အထည်ရမည်

0
154

မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် ပထဝီဝင်အနေအထားကိုအကျိုးရှိစွာအသုံးချပြီး အိမ်နီးချင်းနိုင်ငံများ၏ ပို့ကုန်/သွင်းကုန်များကိုပါ သယ်ယူပို့ဆောင်ပေးနိုင်မည့် ကုန်း-ရေနှစ်သွယ်ဘက်စုံသယ်ယူပို့ဆောင်ရေးစနစ်ကို အကောင်အထည်ဖော်ရမည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြထွန်းဦးက ပြောသည်။

ပြည်ထောင်စုဝန်ကြီးက ဧပြီ ၂၇ ရက်တွင် Myanmar International Terminal Thilawa (MITT) ဆိပ်ကမ်းတံတားအားစစ်ဆေးပြီး သီလဝါဆိပ်ကမ်းဧရိယာရှိ BOT ဆိပ်ကမ်းတံတားများမှတာဝန်ရှိသူများကိုတွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် ရေယာဉ်လွှဲပြောင်းတင် ဆောင်ခြင်းဝန်ဆောင်မှုနှင့် နိုင်ငံဖြတ်သန်းကုန်သွယ်မှုဝန်ဆောင်မှုများပေးနိုင်ရန် ဆိပ်ကမ်းတံတားများကို ဆက်လက်တိုးချဲ့တည်ဆောက်ရန်၊ နိုင်ငံ၏ စွမ်းအင်လုံခြုံမှုအတွက် စက်သုံးဆီတံတားများနှင့် သိုလှောင်ကန်များကို မြေနေရာချထားပေးပြီးဖြစ်သည့် ပုဂ္ဂလိကလုပ်ငန်းရှင်များက ဆက်လက်ရင်းနှီးမြှုပ်နှံတည်ဆောက်လုပ်ကိုင်ရန် မှာကြားသည်။

ဆိပ်ကမ်းလုပ်ငန်းစွမ်းဆောင်မှုမြှင့်တင်နိုင်ရေးအတွက် ဒီဂျစ်တယ်စနစ်ဖြင့် အသွင်ကူးပြောင်းဆောင်ရွက်ရန်၊ စွမ်းအင်သုံးစွဲမှုလျှော့ချနိုင်ရေးအတွက် ဆိုလာစနစ်ကို အစားထိုးသုံးစွဲရန်နှင့် ဘက်ထရီစနစ်သုံးကုန်ကိုင်တွယ်စက်ကိရိယာများနှင့် ယာဉ်များကိုပြောင်းလဲအသုံးပြုရန်လည်း တိုက်တွန်းပြောကြားသည်။

မြန်မာနိုင်ငံ၏ နှစ်စဉ်ပင်လယ်ရေကြောင်းဖြင့် ကုန် သွယ်မှုတန်ဖိုးသည် နိုင်ငံတကာကုန်သွယ်မှုတန်ဖိုး၏ ပျမ်းမျှ (၇၀)ရာနှုန်းရှိ၍ ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှု အဓိက ဝင်/ထွက်ပေါက်ဖြစ်သော ရန်ကုန်နှင့် သီလဝါဧရိယာရှိ ဆိပ်ကမ်းတံတားများအပါအဝင် ဆိပ်ကမ်းလုပ်ငန်းကဏ္ဍတစ်ခုလုံး စဉ်ဆက်မပြတ်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုကို အလေးထားဆောင်ရွက်ရန်လည်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here