နူးဒေလီ၊မေ ၁၄
အိန္ဒိယနိုင်ငံမြောက်ပိုင်း ပန်ဂျပ်ပြည်နယ်၌ ချက်အရက်သောက်သုံးမိမှုကြောင့် အနည်းဆုံး လူ ၂၁ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးကို ဆေးရုံတင်ထားရသည်ဟုရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့က တင်သွင်းသူနှင့် အဓိကဖြန့်ဖြူးသူအပါအဝင် လူကိုးဦးကို ပြင်းထန်သောအရက်ရောင်းချမှုနှင့် လူသေဆုံးမှုများဖြင့် စွဲချက်တင်ဖမ်းဆီးထိန်းသိမ်းထားကြောင်းပြောကြားခဲ့သည်။
တာဝန်ပျက်ကွက်မှုအတွက် ရဲတပ်ဖွဲ့ဝင်လေးဦးကို ဒေသန္တရအစိုးရက ရာထူးချထားပြီး အမှုနှင့်သက်ဆိုင်သူများကို ဌာနဆိုင်ရာစုံစမ်း စစ်ဆေးမှုများ ကိုစတင်လုပ်ဆောင်နေပြီဖြစ်သည်ဟုဆိုသည်။
အိန္ဒိယကျေးရွာများရှိပြည်သူများ ကို ဆေးအဖွဲ့များက ချက်အရက်များမသောက်ရန် အိမ်တိုင်ရာရောက် ပညာပေးစစ်ဆေးမှုများပြုလုပ်ကာ ပြင်းထန်သောအရက်များသောက်သုံးမိပါကလည်း ဆေးရုံသို့အချိန်မီပို့ဆောင်ကုသရန် အသိပညာပေးမှုများ ပြုလုပ်ခဲ့ကြသည်။
ကနဦးစုံစမ်းစစ်ဆေးမှုများအရ သေဆုံးသူများသည် တနင်္ဂနွေညနေပိုင်းက နေရာတစ်ခုတည်းမှ အရက်များကို ဝယ်ယူသောက်သုံးမိကြပြီး တနင်္လာနေ့တွင် ပထမဆုံးသေဆုံးမှုစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အိန္ဒိယနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်ကလည်း ပြင်းထန်သည့်ချက်အရက်ကြောင့် လူပေါင်း ၁၂၀ ကျော်သေဆုံးခဲ့ရပြီး အိန္ဒိယပြည်သူများသည် ဈေးပေါသော နိုင်ငံတွင်းဖြစ် အရက်ပုန်းချက်အရက်များကို သောက်လေ့ရှိသဖြင့် အရက်ကြောင့်သေဆုံးမှုများမကြာခဏဖြစ်လေ့ရှိသည်။
Source : ရှင်းဟွာ