အိန္ဒိယ အာကာသသုတေသနအဖွဲ့(ISRO) သည် လမ်းကြောင်းပြဂြိုဟ်တု NVS-02 သယ်ဆောင်သွားသည့် ၎င်း၏ Geosynchronous Satellite Launch Vehicle(GSLV)-F15 ဒုံးပျံကို ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားလိုက်သည်။
NVS-02 သယ်ဆောင်ထားသည့် GSLV-F15 ဒုံးပျံကို နိုင်ငံတောင်ပိုင်း အန်ဒရာပရာဒေ့ရှ်ပြည်နယ် ဘင်္ဂလားပင်လယ်အော်ကမ်းလွန်ရှိ Sriharikota ပစ်လွှတ်စင်မှ ဒေသစံတော်ချိန် နံနက် ၆း၂၃ နာရီတွင် လွှတ်တင်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
ဗုဒ္ဓဟူးနေ့က အာကာသယာဉ်လွှတ်တင်ခြင်းသည် Sriharikota ၏ Satish Dhawan အာကာသစင်တာမှ အာကာသလွှတ်တင်ခြင်း အကြိမ်တစ်ရာမြောက်ဖြစ်ပြီး ISRO အတွက် ထူးခြားသောမှတ်တိုင်တစ်ခုဖြစ်ခဲ့သည်။
NVS-02 ဂြိုဟ်တုသည် လမ်းကြောင်းပြခြင်း၊ တိကျသော စိုက်ပျိုးမြေနေရာ၊ အရေးပေါ်ဝန်ဆောင်မှုများ၊ ရေယာဉ်သွားလာမှုဆိုင်ရာ စီမံခန့်ခွဲခြင်းနှင့် မိုဘိုင်းလ်စက်ပစ္စည်းတည်နေရာများ ဝန်ဆောင်မှုပေးခြင်းတို့အတွက် အသုံးပြုသည့် Indian Constellation(NavlC) ဝန်ဆောင်မှုများဖြင့် လမ်းကြောင်းပြမှုကို ပိုမိုကောင်းမွန်စေရန် ကူညီပေးမည်ဖြစ်သည်။
ISRO ၏ ဖော်ပြချက်အရ Sriharikota လွှတ်တင်ရေးစခန်းမှ ပထမဆုံး လွှတ်တင်ခဲ့သော ဒုံးပျံကြီးမှာ ၁၉၇၉ ခုနှစ် သြဂုတ်လ ၁၀ ရက်က လွှတ်တင်ခဲ့သော ဂြိုဟ်တုလွှတ်တင်ရေးယာဉ်(SLV) ဖြစ်ကြောင်း သိရသည်။
Ref: ရှင်းဟွာ