အားကောင်းသောအပူပိုင်းမုန်တိုင်း“ဝီဖာ”ကြောင့် တိုင်းနှင့်ပြည်နယ်အနှံ့၌ ဇူလိုင် ၂၁ ရက်မှ ဇူလိုင် ၂၆ ရက်အတွင်း မိုးသည်းထန်စွာရွာသွန်းနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ ဇူလိုင် ၁၉ ရက်ည ၇ နာရီက အထူးမိုးလေဝသ သတင်းအဖြစ် အသိပေးခဲ့သည်။
တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသည့် အားကောင်းသောအပူပိုင်းမုန်တိုင်း“ဝီဖာ”၏ မုန် တိုင်းအကြွင်းအကျန်တိမ်တိုက်များ မြန်မာနိုင်ငံသို့ ရောက်ရှိလာနိုင်ခြင်း၊ ဇူလိုင် ၂၄ ရက်တွင် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၌ ဖြစ်ပေါ်လာနိုင်မည့် လေဖိအားနည်းရပ်ဝန်းအရှိန်၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ ဆက်လက်အားကောင်းနိုင်ခြင်းဖြစ်စဥ်များရှိနေ သည်ဟု မိုးဇလကအသိပေးခဲ့သည်။
ယင်း ဖြစ်စဥ်များကြောင့် ဇူလိုင် ၂၁ ရက်မှ ဇူလိုင် ၂၆ ရက်အတွင်း စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်၊ ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ ဧရာဝတီတိုင်း၊တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍မိုးကြီးမည်ဟု အသိပေးခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်း သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်၍ ကြိုတင်သတိပြုနေထိုင်ရှောင် ရှားကြရန်လည်း မိုးဇလက အသိပေးခဲ့သည်။
