ဘရူနိုင်းနိုင်ငံတွင် အင်္ဂါနေ့မှ ဗုဒ္ဓဟူးနေ့အထိ ပြုလုပ်ကျင်းပမည့် အာဆီယံအစည်းအဝေးသို့ တက်ရောက်ခွင့်ပြုရန် သက်ဆင် ရှင်နာဝပ်ထရာ၏ တောင်းဆိုချက်ကို ထိုင်းနိုင်ငံ ရာဇဝတ်တရားရုံးက ခွင့်ပြုပေးလိုက်သည်။ ဝန်ကြီးချုပ်ဟောင်းအနေဖြင့် ဘတ် ၅ သန်း အာမခံဖြင့် နေထိုင်ခဲ့ရပြီးနောက် ဒုတိယအကြိမ်မြောက် တိုင်းပြည်မှ ထွက်ခွာခွင့်ရခြင်းဖြစ်သည်။
သို့ရာတွင် ယင်းကာလအတွင်း ဗီယက်နမ်နှင့် ကမ္ဘောဒီးယားသို့ သွားရောက်ခွင့်ပြုရန် သူ၏ တောင်းဆိုချက်ကိုမူ တရားရုံးက ပယ်ချခဲ့သည်။
အာဆီယံဥက္ကဌနိုင်ငံ၏ အကြံပေးအဖြစ်ဆောင်ရွက်နေသည့် သက်ဆင်သည် ဖေဖော်ဝါရီ ၁၈ နှင့် ၁၉ ရက်တွင် ဘရူနိုင်းနိုင်ငံသို့ ရောက်ရှိနေမည်ဖြစ်သည်။ မလေးရှားနိုင်ငံသည် ယခုနှစ်အတွက် အာဆီယံဥက္ကဌတာဝန်ကို ရယူထားပြီး ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်က သက်ဆင်ကို သူ၏ အာဆီယံရေးရာ အကြံပေးအဖြစ် ခန့်အပ်ထားသည်။
သက်ဆင်သည် ၂၀၁၅ ခုနှစ်က တောင်ကိုရီးယားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုနှင့် ပတ်သက်၍ ဘုရင်စနစ်ကို သရေဖျက်မှု၊ ကွန်ပြူတာရာဇဝတ်မှု စွဲချက်များဖြင့် စွဲဆိုခံထားရပြီး ကြားနာစစ်ဆေးမှု ဆိုင်းငံ့ထားသည်။ သူ့ကို အာမခံပေးထားသည့် စည်းမျဉ်းစည်းကမ်းများအရ ခွင့်ပြုချက်မရှိဘဲ တိုင်းပြည်မှ ထွက်ခွာခြင်းကို တားမြစ်ထားသည်။ အဆိုပါ အမှုအတွက် သက်သေထွက်ဆိုမှုများကို ယခုနှစ် ဇူလိုင်လတွင် ကြားနာရန် ရက်ချိန်းပေးထားသည်။
အစည်းအဝေးတက်ရောက်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် သက်ဆင်ကို အန်ဝါက ဖိတ်ကြားခဲ့ပြီးနောက်တွင် တရားရုံး၏ အတည်ပြုချက် ထွက်ပေါ်လာခြင်းဖြစ်သည်ဟု သိရသည်။
တရားရုံးသည် သက်ဆင်ကို မစ္စတာ အန်ဝါနှင့် ဆွေးနွေးမှုလုပ်ရန်အတွက် ဖေဖော်ဝါရီ ၂ ရက်မှ ၃ ရက်အထိ မလေးရှားနိုင်ငံသို့ သွားရောက်ရန် ပထမအကြိမ် ခွင့်ပြုချက်ပေးထားခဲ့ပြီး အာမခံကြေး ဘတ် ၅ သန်း သတ်မှတ်ထားခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
