အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမည့် ၂၀၂၅ အာဆီယံ ယူ-၂၃ ပြိုင်ပွဲ၌ မြန်မာအသင်းအနေဖြင့် ခြေစွမ်းပြကစားရန်နှင့် ရလဒ်ကောင်းမွန်အောင် ပြင်ဆင်ထားသည်ဟု ယနေ့ ဇူလိုင်၁၅ ၌ ပြုလုပ်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း နည်းပြချုပ် ကူရိုဆာကီ ပြောကြားသည်။
“ပြိုင်ပွဲအတွက် အစစအရာရာ လိုအပ်မှုမရှိအောင် စီစဉ်ထားပေးတဲ့ အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ်နဲ့ အာဆီယံ ဘောလုံးအဖွဲ့ချုပ်ကို ကျေးဇူးတင်ပါတယ်ဆိုတာ ပထမဆုံး ပြောကြားလိုပါတယ်။ ကျွန်တော်တို့ အသင်းက ပြီးခဲ့တဲ့ မတ်လမှာ စတင်စုဖွဲ့ လေ့ကျင့်ခဲ့တာဖြစ်ပြီး မနက်ဖြန် စတင်ကစားရမယ့် အာဆီယံ ယူ၂၃ ပြိုင်ပွဲမှာ ခြေစွမ်းပြ ကစားနိုင်အောင်၊ ရလဒ်ကောင်းမွန်အောင် ပြင်ဆင်ထားပါတယ်။ လက်ရှိအသင်းနဲ့ပဲ အာရှ ယူ၂၃ ခြေစစ်ပွဲနဲ့ ဆီးဂိမ်းစ် အမျိုးသားဘောလုံးပွဲစဉ်တွေကို ဆက်လက်ယှဉ်ပြိုင်ရမှာပါ။ ဒါကြောင့် အသင်းက ပိုပြီးစုစုစည်းစည်းနဲ့ ညီညွတ်မှုရှိနေပါတယ်။ ပြိုင်ဘက်တိုင်းကို လေးစားမှုနဲ့ ယှဉ်ပြိုင်သွားမှာပါ။ ဒီပြိုင်ပွဲကိုလာတဲ့ အသင်းတိုင်းက ရလဒ်ကောင်းရဖို့၊ ဒီထက်ပိုပြီး ချန်ပီယံဖြစ်ဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့ လာကြတာပါ။ ကျွန်တော်တို့မှာလည်း ရည်မှန်းချက် ရှိပြီးသားပါ။ ရည်မှန်းချက်အတိုင်း သေသေချာချာ ကြိုးစားသွားပါမယ်။ ကျွန်တော်တို့အသင်း ခြေစွမ်းပြနိုင်ပြီး ပရိသတ်တွေ ပျော်ရွှင်စေချင်ပါတယ်။”ဟု ဆိုသည်။
ပြိုင်ပွဲတွင် မြန်မာယူ- ၂၃ အသင်းအနေဖြင့် အုပ်စု(C)၌ ထိုင်း၊ တီမောအသင်းတို့နှင့်အတူ ကျရောက်နေသလို ဇူလိုင်လ (၁၆)ရက်နေ့တွင် တီမောအသင်းဖြင့် အုပ်စုတွင်း အဖွင့်ပွဲစဉ်ကို ကစားရမည်ဖြစ်ကာ ဇူလိုင်လ (၂၂) ရက်နေ့တွင် ထိုင်းအသင်းတို့ဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မြန်မာ ယူ-၂၃အသင်း၏ အုပ်စုပွဲစဉ် (၂) ပွဲလုံးကို မြန်မာစံတော်ချိန် ည (၇) နာရီခွဲတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
ယနေ့ အုပ်စု (အေ)ပွဲစဉ်များကို စတင်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး အုပ်စု(အေ)ပွဲစဉ်တွင် အိမ်ရှင်အင်ဒိုနီးရှား၊ ဘရူနိုင်း၊ မလေးရှားနှင့် ဖိလစ်ပိုင်အသင်းတို့ကျရောက်နေသည်။
ယနေ့ ညနေ (၄)နာရီခွဲအချိန်၌ မလေးရှားနှင့် ဖိလစ်ပိုင်အသင်း၊ ည(၇)နာရီခွဲအချိန် ၌ အိမ်ရှင် အင်ဒိုနီးရှားနှင့် ဘရူနိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။
