နိုင်ငံခြားရေးဝန်ကြီး Datuk Seri Mohamad Hasan သည် ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ မြန်မာနိုင်ငံသို့ စက်တင်ဘာလ ၁၉ ရက် နေ့တွင် လာရောက်မည်ဖြစ်သည်။
အထူးသဖြင့် ၂၀၂၆ ခုနှစ်၌ ဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်နိုင်ငံက တာဝန်ယူချိန်မှစ၍ အာဆီယံ၏စည်းလုံးညီညွတ်မှုကို ပြသရန်မြန်မာသို့လာရောက်ခြင်းဖြစ်သည်ဟု မိုဟာမက်က ပြောကြားခဲ့သည်။
“ရှေ့လာမယ့် အလှည့်ကျ ဥက္ကဋ္ဌက ဘာတွေလုပ်ဖို့လိုတယ်၊ ဘာလုပ်ရမယ်ဆိုတာ သိနိုင်ဖို့အတွက်ပါ။ ကျွန်တော်တို့ လုပ်ခဲ့တာတွေကိုစဉ်ဆက်မပြတ်ဖြစ်စေချင်တယ်။ အချိတ်အဆက် ရှိစေချင်တယ်” ဟု ၎င်းက ဆိုသည်။
ခရီးစဉ်ကြောင့် အစိုးရအသစ်ကို လေ့လာအကဲခတ်နိုင်မည် ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
“နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို အခုဖွဲ့ပြီးပါပြီ။ ဒါပေမယ့် အမြင့်ဆုံးအာဏာပိုင်အဖွဲ့ကတော့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီပါ။ ဒီအစိုးရကို ကျနော်တို့ စောင့်ကြည့်ချင်ပါတယ်” ဟု ၎င်းက ပြောသည်။
အာဆီယံသည် မြန်မာနိုင်ငံ၏ ပြည်တွင်းပဋိပက္ခကို သံတမန်နည်းလမ်းဖြင့် ဖြေရှင်းရန် တွန်းအားပေးနေ ခဲ့သည်။
အောက်တိုဘာလတွင် ကျင်းပမည့် ၄၇ ကြိမ်မြောက်အာဆီယံ ထိပ်သီးအစည်းအဝေး မတိုင်မီ မြန်မာနိုင်ငံ၏ အခြေအနေများကို ရှင်းလင်းစွာ သိရှိလိုကြောင်း မိုဟာမက်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကတိကဝတ်အတိုင်း လိုက်နာဆောင်ရွက်ရမည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
“မြန်မာနိုင်ငံက ရွေးကောက်ပွဲ ကျင်းပတော့မယ်လို့ သူတို့ ရှင်းရှင်းလင်းလင်း ပြောထားတယ်။ သူတို့နဲ့ ဆွေးနွေးချင်တာက ဘယ်လို ရွေးကောက်ပွဲမျိုး ကျင်းပမလဲ၊ ကျယ်ကျယ်ပြန့်ပြန့် ရွေးကောက်ပွဲ ဖြစ်မလား။ ဘာကြောင့်လဲဆိုတော့ အခုလောလောဆယ် အရေးပေါ် အခြေအနေ ဖြစ်နေသေးတဲ့ မြို့ပေါင်း (၆၃) မြို့ ရှိနေသေးတယ်။”ဟု သူကဆိုသည်။
၅၈ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ဇူလိုင်လ ၁၁ ရက် နေ့တွင် မိုဟာမက်က ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမတိုင်မီ မြန်မာနိုင်ငံသို့ ၎င်းတို့လာရောက်မည်ဖြစ်ကြောင်း ပထမဆုံး ပြောကြားခဲ့သည်။
Ref:nst.com.my
