အာဆီယံညွန့်ေပါင်းအသင်းနှင့် ရာသီကုန်ခြေစမ်းပွဲကစားမည့် အင်္ဂလန် ပရီးမီးယားလိဂ်မှ မန်ချက်စတာယူနိုက်တက်အသင်းသည် တနင်္လာနေ့ မေလ ၂၆ ရက် ညနေပိုင်းတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကို ရောက်ရှိလာကြောင်း သိရသည်။ ၎င်းတို့နှစ်သင်းသည် ဗုဒ္ဓဟူးနေ့တွင် ဘူကစ်ဂျာလီနိုင်ငံအားကစားကွင်း၌ချစ်ကြည်ရေးပွဲကစားကြမည်ဖြစ်သည်။
ရာသီကုန်ခြေစမ်းခရီးစဉ်အဖြစ် ကစားသမား ၃၂ ဦးနှင့်အတူ နည်းပြ ရူဘင် အမ်မိုရင်ဦးဆောင်လာသည့် သရဲနီများကို ညနေ ၅ နာရီမှစတင်ကာ အသင်းတည်းခိုမည့် ဟိုတယ်သို့ စုရုံးရောက်ရှိနေကြသည့် ပရိသတ်များက နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။
ယခုခရီစဉ်တွင် ဂိုးသမား အန်ဒရေ အိုနာနာ၊ နောက်တန်းကစားသမားများဖြစ်သော ဒီ ယေဂိုဒါးလော့၊ ဂျွန်နီအီဗန်စ်၊ ဟယ်ရီ မက်ဂွိုင်းယား၊ လု(ခ်)ရှော၊ ကွင်းလယ်ကစားသမားများအဖြစ် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်၊ ကက်စမဲရိုး၊ ကော့ဘီ မယ်နူး၊ မေဆင်မောင့်၊ မန်နျူရယ် အူဂါတေစသော ယူနိုက်တက်၏ နာမည်ကြီး ကစားသမားများ ပါဝင်လာသည်။
တဖန် ရှေ့တန်းကစားသမားများတွင် အလီဟန်ဒရို ဂါနာချို၊ အာမက်၊ ရာ့စ်မတ်စ် ဟွိုက်လန်းနှင့် ဂျိုရှူယာ ဇက်ဇီးတို့ကဲ့သို့ ကစားများလည်း ပါဝင်သည်။
မန်ချက်စတာယူနိုက်တက်အသင်းသည် ၂၀၀၉ ခုနှစ်က ၎င်းတို့၏ ရာသီကြိုခြေစမ်းပွဲအဖြစ် မလေးရှားနိုင်ငံကို နောက်ဆုံးလာရောက်ကစားခဲ့သည်။ ယင်းခရီးစဉ်အတွင်း ၎င်းတို့သည် မလေးရှားအသင်းနှင့် နှစ်ပွဲကစားခဲ့ရာတွင် ၃-၂၊ ၂-၀ ရလဒ်များဖြင့် နှစ်ပွဲလုံး အနိုင်ရခဲ့သည်။
ယူနိုက်တက်အသင်းသည် တနင်္ဂနွေနေ့ညက ၂၀၂၄-၂၅ ပရီးမီးယားလိဂ်ရာသီ ၎င်းတို့၏ နောက်ဆုံးပွဲအဖြစ် အက်စတွန်ဗီလာအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် တနင်္လာနေ့ ညနေ ၆ နာရီခွဲတွင် ကွာလာလမ်ပူနိုင်ငံတကာလေဆိပ်သို့ ဆိုက်ရောက်လာဖြင်းဖြစ်သည်။
ပရီးမီးယားလိဂ် ချန်ပီယံ ၁၃ ကြိမ်ရထားသည့် ယူနိုက်တက်သည် ဟောင်ကောင်ကို ဆက်လက်သွားရောက်မည်ဖြစ်ကာ မေလ ၃၀ ရက် နေ့တွင် ဟောင်ကောင်လက်ရွေးစင်အသင်းနှင့် ခြေစမ်း ပွဲကို ကစားဦးမည်ဖြစ်သည်။
Ref: မလေးမေးလ်
(ယူနိုက်တက်နှင့် ကစားမည့် အာဆီယံညွန့်ပေါင်း အသင်းတွင် မြန်မာ့လက်ရွေးစင်ကစားသမား မောင်မောင်လွင်လည်း ပါဝင်ကြောင်း သိရသည်။)