အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန်နှင့် ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရန်အတွက် ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာသည် မေလ ၁၅ ရက် နေ့မှ မေလ ၁၆ ရက် နေ့အထိ ဗီယက်နမ်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။
ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh ၏ ဖိတ်ကြားချက်အရ သွားရောက်မည်ဖြစ်သော ခရီးစဉ်သည် ပေတုံတန်၏ ဗီယက်နမ်နိုင်ငံသို့ ပထမဆုံး နိုင်ငံတော်ခရီးစဉ်ဖြစ်လိမ့်မည်ဟု အစိုးရပြောရေးဆိုခွင့်ရှိသူ Jirayu Houngsub က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
ခရီးစဉ်အတွင်း ဝန်ကြီးချုပ်၏ ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်ရှိ ထိုင်းကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း(ThaiCham) နှင့် တွေ့ဆုံမည့်အပြင် Sovico(ဗီယက်ဂျက် လေကြောင်းလိုင်း ပူးတွဲတည်ထောင်သူ) နှင့် FPT အပါအဝင် ဗီယက်နမ် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံသွားမည်ဖြစ်သည်။
ထို့နောက်တွင် ပေတုံတန်သည် ဗီယက်နမ်နိုင်ငံမှ အကြီးတန်းခေါင်းဆောင်များကို သွားရောက်တွေ့ဆုံမည်ဖြစ်ကာ နောက်ပိုင်းတွင် ဗီယက်နမ်အစိုးရ၏ ထိုင်းကိုယ်စားလှယ်အဖွဲ့ကို ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားကို တက်ရောက်မည်ဖြစ်သည်။
မေလ ၁၆ ရက် နေ့တွင် ဝန်ကြီးချုပ်သည် ဟိုချီမင်းဂူဗိမာန်နှင့် တော်လှန်းရေး အာဇာနည်များ အထိမ်းအမှတ်နေရာတွင် လွမ်းသူပန်းခွေချသော အခမ်းအနားကို တက်ရောက်မည်ဖြစ်သည်။
ထို့နောက် သူသည် တရားဝင် ဂုဏ်ပြုကြိုဆိုမှုအခမ်းအနားကို တက်ရောက်ပြီးနောက် ဗီယက်နမ်က ထိုင်းနိုင်ငံနှင့် သီးသန့်ပြုလုပ်သည့် အဆင့်မြင့်အရာရှိအဆင့် ဖိုရမ်တစ်ခုဖြစ်သော စတုတ္ထအကြိမ်မြောက်နှစ်ဘက် ဝန်ကြီးများတွေ့ဆုံပွဲ Thailand-Vietnam Joint Cabinet Retreat(JCR) အပါအဝင် ဗီယက်နမ်အစိုးရအရာရှိများနှင့် အဆင့်မြင့်အရာရှိအဆင့် ဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်သည်။
ယင်းနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးချုပ်သည် ထိုင်း-ဗီယက်နမ် စီးပွားရေးဖိုရမ်တွင် ဗီယက်နမ်ခေါင်းဆောင်များနှင့်အတူ အဖွင့်မိန့်ခွန်း ပြောကြားမည်ဖြစ်ကြောင်း သိရသည်။
Ref: သည်နေရှင်း