၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကျင်းပရာတွင်အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး၂ ရက်တာကျင်းပမှုသည် အောက်တိုဘာ ၂၆ ရက် ညနေကပြီးသွားခဲ့ပြီဖြစ်သည်။
ယခုနှစ်၏ ABIS ဆောင်ပုဒ်သည် “အားလုံးအတူကြီးပွားဖို့ စျေးကွက်များကို ပေါင်းစည်းစို့” ဟူသော ခေါင်းစဉ် ဖြစ်သည်။
အဆိုပါဆောင်ပုဒ်အတိုင်းအားလုံး
ပါဝင်နိုင်မှု၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး ၊အမျိုးသမီးများ၏ စီးပွားရေး စွမ်းဆောင်နိုင်မှုတို့ကို ပိုမိုအလေးထားရေး၊အစိုးရ-ပုဂ္ဂလိက မိတ်ဖက် အဖွဲ့အစည်းများသည် သဘာဝပတ်ဝန်းကျင်မထိခိုက်သော အနာဂတ်အတွက် နည်းပညာကို အသုံးချနိုင်မည့်နည်းလမ်းများအကြောင်းဆွေးနွေးခြင်း၊ နည်းပညာဆန်းသစ်တီထွင်မှုနှင့် ဂေဟစနစ် အဆက်စပ်များ၊ ကာဗွန်သုညအတွက် အစီအမံများ၊ အစိုးရအရာရှိကြီးများနှင့်ကော်ပိုရိတ်ခေါင်းဆောင်ကြီးများ၏တာဝန်များကိုဆွေးနွေးခဲ့ကြသည်။
AI နိုင်ငံတော်အဖြစ် ရည်မှန်းထားကြကြောင်း ဆွေးနွေးခဲ့ကြ၍တက်ရောက်လာသူများ၏အိမ်အပြန်အိမ်စာများကတော့ အလွန်များကြသည်။
AI အကြောင်းဆွေးနွေးချက်များက နယ်ပယ်တိုင်း၏စကားဝိုင်းတွင်ပါဝင်လေသည်။ ဆိုရှယ်မီဒီယာကို မောင်းနှင်လာသည့် AI နှင့်ပတ်သက်၍ လေ့ကျင့်ပေးရေးများ၊ အာဆီယံအခြေခံအုတ်မြစ်ကောင်းများချရေး၊ အစိုးရ၏ ပြည်သူ့ရေးရာ ဝန်ဆောင်မှုများတွင် AI ပေါင်းစပ်ရေးစသဖြင့် မိမိတို့နိုင်ငံအလိုက် ရည်မှန်းချက်ချထားသည်များကို ဆွေးနွေးကြသည်။
အာဆီယံနိုင်ငံများတွင် QR ကုတ်ဖြင့် ငွေပေးချေခြင်းသည် တွင်ကျယ်လာနေပြီးအွန်လိုင်းလိမ်လည်မှုများနှင့် နားမလည်၍ အလိမ်ခံရမည့်သူများသည် နေရာတိုင်းရှိလာသဖြင့် ဒစ်ဂျစ်တယ်အသိပညာ ဗဟုသုတ ရှိမှုသည် အရေးကြီးကြောင်း၊ ဒစ်ဂျစ်တယ်ငွေပေးချေမှု အားလုံးပူးပေါင်းဆောင်ရွက်ရေးသည် အရေးကြီးကြောင်း၊ ငွေပေးချေမှုအတွက် ထွင်ထားသည့် အက်ပ်နှင့် မှတ်တမ်းယူထားသည့် ဖုန်းတို့၏အဆင့်မြင့်လုံခြုံရေးသည် သာမန်လိမ်လည်မှုများကို တားဆီးနိုင်မည်ဖြစ်ကြောင်းတို့လည်းပါဝင်သည်။
ဘရာဇီး သမ္မတက ၂၀၃၀ခုနှစ် တွင် ၄င်းနိုင်ငံ၏ ဒစ်ဓျစ်တယ်ကူးပြောင်းမှုdigital transformation ရည်မှန်းချက်များ၊ တောင်အာဖရိက သမ္မတက အာဆီယံအနေဖြင့်တန်ဖိုးမြှင့် ကုန်ထုတ်လုပ်မှုနှင့် နည်းပညာဆိုင်ရာ အသွင်ကူးပြောင်းမှုကဲ့သို့ တန်ဖိုးမြှင့်နိုင်သည့်ခွန်အားရှိနေသည်။ တောင်အာဖရိကတွင်ဓာတ်သတ္တုနှင့် အစားအစာထုတ်လုပ်ရေးတွင်အားသာချက်များရှိနေသည်။အတူပူးပေါင်းလုပ်နိုင်တဲ့ အရာတွေ အများကြီးရှိကြောင်း ၎င်းက ဆိုသည်။ ထိုင်းစီးပွါးရေး ဝန်ကြီးက ထိုင်းနိုင်ငံအနေဖြင့်တရုတ်နှင့် အာဆီယံကြား ကုန်စည်ပို့ဆောင်ရေး အချက်အခြာဖြစ်လာရေး စသည်တို့ကို ခေါင်းဆောင်များ၏ အလွတ်သဘော ဆွေးနွေးပွဲတွင် ပြောကြားခဲ့ကြသည်။
အာဆီယံမှ ကုန်သည်ကြီးများ တက်ရောက်ကြပြီး ဆွေးနွေးကြသူများက မိမိတို့နိုင်ငံ၏ အားသာချက်များကို စီးပွားရေးမက်လုံးပေး ဆွဲဆောင်ကြသည်။ အပြန်အလှန်ပူးပေါင်းနိုင်မည့် အခွင့်အရေးများဆွေးနွေးကြသည့်ပွဲဖြစ်သည်။
အာဆီယံနိုင်ငံသားဟူသောအသုံးအနူန်းများ တွင်ကျယ်စွာပြောဆိုပြီး တူညီသောစံနူန်းများနှင့် ပေါင်းစပ်လုပ်ကိုင်နိုင်ရေး အားသာချက် အားနည်းချက်များ ဖေါ်ထုတ်ခဲ့ကြသည်။ ဖွံ့ဖြိုးမှု အရှိန်တူရေးကိုလည်းထည့်သွင်းပြောကြားကြသည်။ ပိတ်ပွဲအခမ်းအနားတွင်မူ မမြင်သာသည့် အနုသုခုမတို့၏အားဖြင့် အာဆီယံနိုင်ငံသားတို့၏ စိတ်နှလုံးကို ပိုမိုစုစည်းပေးနိုင်ခဲ့သည်။
