အဝေးသင် တက္ကသိုလ် သိပ္ပံကျောင်းသားများ လက်တွေ့တန်းဆောင်ရွက်သကဲ့သို့ စာသင်ချိန်အတန်းတက်ရောက်စေရေး ကြီးကြပ်ရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောသည်။
ဇွန် (၁၄) ရက်တွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် နံနက်ပိုင်း၌ နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများနှင့် အွန်လိုင်းမှ တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။
ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ပညာရေးမှူးများအနေဖြင့် စာသင်ကျောင်းများနှင့် စာသင်ခန်းများအထိ အရောက်သွား၍ ကျောင်းသားကျောင်းသူများ ပညာရည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ စာကြည့်တိုက်အတွက် စာအုပ်များကိုနှစ်စဉ်ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း ထပ်မံလိုအပ်သည့်စာအုပ်စာရင်းများကို ကြိုတင်ပြုစု ဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
ထို့ပြင် ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများ ကျောင်းတက်မှန်ရေး၊ အမှန်တကယ် ပညာတတ်မြောက်အောင် သင်ကြားပေးရေးတို့အတွက် အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ၏ ပထမနှစ်နှင့်အထက် အဝေးသင် သင်တန်းများကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂၆) ရက်မှ ၂၀၂၄ ခုနှစ် မတ်လ (၃၁) ရက်အထိ ကျောင်းအပ်လက်ခံခဲ့ပြီး ဒုတိယနှစ်နှင့်အထက် ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်မှ မေလ (၁၇) ရက်အထိ နောက်ဆုံးထား၍ သက်ဆိုင်ရာ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များတွင် လျှောက် ထားနိုင်ကြောင်း အသိပေးထားသည်။






