အဝေးကွင်းတွင် ပထမပွဲ အနိုင်ရယူခဲ့သလို အိမ်ကွင်း ဒုတိယပွဲကိုလည်း နိုင်ပွဲရအောင် ယူမည်ဟု ရှမ်းနိုက်တက်နည်းပြချုပ် Hiroki Ono က ယနေ့ ဩဂုတ် ၁၄ ရက် မွန်းလွဲပိုင်းတွင်ပြုလုပ်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားသည်။
“မနက်ဖြန် အတွက် သူတို့လည်း ပြင်ဆင်ထားမှာပါ။ ရှမ်းယူနိုက်တက် အနေနဲ့လည်း မနက်ဖြန်အတွက် ကိုယ့်အစီအစဉ်နဲ့ကိုယ် ရှိပါတယ်။ ကျွန်တော်တို့ ပေ့ါဆလို့ မရပါဘူး။ အိမ်ကွင်းဖြစ်ပေမဲ့ ပြိုင်ဘက်ကို လေးစားမှုနဲ့ ကစားရမှာပါ။ အုပ်စုအဆင့်ရောက်ဖို့ ကျွန်တော်တို့ တစ်သင်းလုံး ကြိုးစားပါမယ်။ EZRA အသင် မှာ လူငယ် ကစားသမားကောင်းတွေများပြီး မာကျောတဲ့ အသင်းကောင်းတစ်သင်းပါ။ ကျွန်တော်တို့ ပထမပွဲ နိုင်ခဲ့သလို့ ဒုတိယပွဲကိုလည်း နိုင်ပွဲရအောင် ယူပါမယ်။ အဲ့ဒီအတွက် အိမ်ကွင်းမှာ ပရိသတ်အားပေးမှုက အရေးကြီးပါတယ်။ ပရိသတ်ရှေ့မှာ နိုင်ပွဲရဖို့ ကြိုးစားပါမယ်။”ဟု သတင်းစကားပါးသည်။
မြန်မာနေရှင်နယ်လိဂ် ကလပ် ရှမ်းယူနိုက်တက် အသင်းနှင့် လာအိုကလပ် EZRA FC တို့၏ အာဆီယံကလပ်ချန်ပီယံရှစ် AFF Shopee Cup 2025/26 ခြေစစ်ပွဲ ဒုတိယ အကျော့ပွဲစဉ်ကို ဩဂုတ်လ ၁၅ ရက် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ယခုဒုတိယအကျော့ ခြေစစ်ပွဲအနိုင်ရရှိပါက AFF Shopee Cup 2025/26 ရှမ်းယူနိုက်တက်အသင်းအနေဖြင့် အုပ်စုအဆင့်တက်ရောက်ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။
