အရှေ့အလယ်ပိုင်းဒေသတွင် လျင်မြန်စွာ ပြောင်းလဲဖြစ်ပေါ်နေသော အခြေအနေများနှင့်စပ်လျဉ်း၍ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနှင့် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံတို့အကြား အသစ်တစ်ဖန် ပြန်လည်ဖြစ်ပွားနေသော ရန်လိုမှုများအပေါ် ကြီးစွာသော စိုးရိမ်ပူပန်မှုများရှိနေကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းဝေးမှ ထုတ်ပြန်လိုက်သည်။
အရှေ့အလယ်ပိုင်းဒေသတွင် လက်ရှိဖြစ်ပွားနေသော အခြေအနေများသည် အဓိက ကြားဝင်စေ့စပ်ပေးနေသူများ၏ လက်ရှိကြိုးပမ်းအားထုတ်မှုများကို ဆိုးရွားစွာ ထိခိုက်စေပြီး ဆွေးနွေးပွဲများနှင့် သံတမန်ရေးရာနည်းလမ်းများမှတစ်ဆင့် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည့် အလားအလာများကို လျော့ကျစေသည့်အပေါ် အာဆီယံအနေဖြင့် အထူးစိုးရိမ်ပူပန်မိကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးအနေဖြင့် အမြင့်မားဆုံးသော မိမိကိုယ်ကို ထိန်းချုပ်မှုရှိကြရန်နှင့် အခြေအနေကို ပိုမိုဆိုးရွားစေနိုင်မည့် မည်သည့်လုပ်ရပ်များကိုမဆို ရှောင်ရှားကြရန် တောင်းဆိုကြောင်း၊ ပဋိပက္ခများနှင့် တင်းမာမှုများကို ဖြေရှင်းရာတွင် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးတို့ကို ထိန်းသိမ်းရန်၊ နိုင်ငံတကာဥပဒေကို လိုက်နာစောင့်ထိန်းရန်၊ စစ်မှန်သော ဆွေးနွေးတိုင်ပင်မှုနှင့် သံတမန်ရေးရာနည်းလမ်းများကို မြှင့်တင်ရန် အရေးကြီးကြောင်းနှင့် အရှေ့အလယ်ပိုင်းဒေသရှိ စစ်မျက်နှာအားလုံးတွင် ရန်လိုမှုများ အလုံးစုံနှင့် ချက်ချင်း ရပ်စဲရေး လိုအပ်ချက်ကိုလည်း အလေးအနက်ထား ပြောကြားလိုကြောင်း စသည်ဖြင့် ယင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖေါ်ပြထားသည်။
(၅၉) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ ဝန်ကြီးအဆင့် ဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်မှ ၂၄ ရက်အထိ ကျင်းပလျှက်ရှိသည်။
