အရှေ့ဖိလစ်ပိုင်ပင်လယ်တွင် လေဖိအားနည်းရပ်ဝန်းမှတဆင့် အစပြုဖြစ်ပေါ်ခဲ့သည့် တိုင်ဖုန်းမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးရေချိန်များ၍ ရေကြီးရေလျှံ ဖြစ်ပေါ်နိုင်သည်ဟု ပြင်ပမိုးလေဝသပညာရှင် ဦးဝင်နိုင်က ယနေ့တွင် အသိပေးထားသည်။
အဆိုပါ တိုင်ဖုန်းမုန်တိုင်းအကြွင်းအကျန်များနှင့် ကုန်းတွင်းလေဖိအားနည်ရပ်ဝန်းသည် ယခုလ ဇူလိုင် ၂၃ ရက်၌ လာအိုနိုင်ငံပေါ်မှ အနောက်ဘက်သို့ အဆင့်ဆင့် ဖြတ်သန်းကာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့်မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့အထိ သယ်ဆောင်လာနိုင်သည်ဟု ဆိုထားသည်။
မုန်တိုင်းအကြွင်းအကျန်တိမ်များကြောင့် ဇူလိုင် ၂၂ ရက် မှ ၂၄ ရက်အတွင်း ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်အပြင် မုန်တိုင်းအကြွင်း အကျန်များ ရွေ့လျားဝင်ရောက်မည့် လမ်းကြောင်းတောင်ဘက်မှ ကယားပြည်နယ်၊ ပဲခူးတိုင်း(အရှေ့ခြမ်း)၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် ၂၄ နာရီအတွင်း မိုးရေချိန် ၅ လက်မအထက် ရွာသွန်းနိုင်(မိုးများရာမှ မိုးအလွန်များနိုင်)ကြောင်း ခန့်မှန်းရရှိထားသည်ဟုဆိုသည်။
ထို့အပြင် ကျန်ပြည်နယ်နှင့်တိုင်းဒေသများအားလုံးတွင်လည်း မိုးအသင့်အတင့် ရွာသွန်းနိုင်ပြီး၂၄ နာရီအတွင်း မိုးရေချိန် ၁.၂ လက်မအထက် ရွာသွန်းနိုင်မည်ဖြစ် ကြောင်းဆိုသည်။
ထို့ကြောင့် ဖော်ပြပါ ပြည်နယ်/တိုင်းဒေသများအတွင်း မိုးသည်းထန်ခြင်း၊ တောင်ကျရေကျဆင်းခြင်း နှင့် ၂၄ နာရီအတွင်း ရွာသွန်းနိုင်မည့် မိုးရေချိန်အလွန်များခြင်းကြောင့် ရုတ်တရက်ရေကြီးရေလျှံခြင်း (FLASH FLOOD)ဖြစ်ပေါ်နိုင်သည့်အတွက် ကြိုတင်ရှောင်ရှားခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းများဆောင်ရွက်နိုင်ကြပါရန် အသိပေးနှိုးဆော်ထားသည်ကိုတွေ့ရသည်။
