မြန်မာနိုင်ငံတွင် အရပ်အရှည်ဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သည့် ကိုကောင်းညွှန့်ဝေကို ဂျာမန်ဖိနပ်ထုတ်လုပ်သူ Georg Wessels က ဂျာမန်သံရုံးမှ တဆင့် ဖိနပ်လက်ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဘော်လီဘောကစားသမားတစ်ဦးလည်း ဖြစ်သည့် ကိုကောင်းညွှန့်ဝေသည် အရပ် (၂) မီတာကျော် (၇ ပေ ၁ လက်မ)ရှိပြီး ဖိနပ်ဆိုဒ် (၅၂) ဖြစ်နေသည့်အတွက် သင့်လျော်သောဖိနပ်သည် ရှာဖွေနိုင်ရန် မလွယ်ကူကြောင်း သံရုံးက ဆိုသည်။
ထို့ကြောင့် ယနေ့ ဩဂုတ်လ (၁၈) ရက်တွင် ကိုကောင်းညွှန့်ဝေကို ၎င်းအတွက် စိတ်ကြိုက်ပြုလုပ်ပေးထားသော ဖိနပ်အသစ်တစ်ရံကို ပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဖိနပ်ပြုလုပ်ပေးသူ Georg Wessels သည် ကမ္ဘာတစ်ဝန်းလုံးက အရပ်ရှည်သူများအတွက် အရွယ်အစားကြီးသော ဖိနပ်များကို ထုတ်လုပ်ရာ၌ ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး လွန်ခဲ့သည့် နှစ်အနည်းငယ်ကတည်းက မြန်မာနိုင်ငံရှိ အရပ်ရှည်သူများအတွက် အထူးဖိနပ်များကို ပံ့ပိုးပေးလျက်ရှိသည်ဟုလည်း သိရသည်။
ဓာတ်ပုံ – ဂျာမန်သံရုံး
