နစက အနေဖြင့် ၄င်း၏ မှတ်တမ်းဝင် ပြီးမြောက်မူတစ်ခုဖြစ်သောမာရဝိဇယဘုရားကြီး တည်ဆောက် ပြီးစီးမှုအထိမ်းအမှတ်အဖြစ် နှစ်သောင်းတန်ငွေစက္ကူကို ယခုလကုန်တွင်ထုတ်ဝေမည်ဖြစ်သည်။
အရေအတွက်ကန့်သတ်၍ သာအမှတ်တရထုတ်ဝေသွားမည်ဟုသိရသည်။
ဟောင်းနွမ်း၍ သုံးစွဲရန်မသင့်သည့် ငွေစက္ကူအမျိုးအစားတို့နှင့် “တန်ဖိုးတူ”လဲလှယ်ပေးရန်အတွက်ရန်ကုန်၊မန္တလေး၊နေပြည်တော် (၃)မြို့တွင် လဲလှယ်နိုင်မည့်ကောင်တာများဖွင့်ပေးထားမည်။
အမှတ်တရ သိမ်းချင်သူများအား နှစ်သောင်းတန် ၃ရွက်ထက်မပိုဘဲ လဲလှယ်ပေးမည်ဟုသိရသည်။
အသစ်ထွက်ရှိလာမည့် နှစ်သောင်းတန် အား ပြည်တွင်းလှည့်လည်သုံးစွဲငွေ ပြောင်းလဲမည် အထင်ရောက်နေခြင်း၊မြန်မာကျပ်ငွေ ဖောင်းပွလာမည် တွက်ဆခြင်း၊ကျပ်ငွေ တန်ဖိုးကျမည် ပူပန်၍ ပစ္စည်းဝယ်စုမည့်သူများရှိလာနိုင်၍ စျေးနှုန်းများ မတန်တဆ တက်သွားခြင်း နှင့်အတူအရောင်းများရပ်ထားရန် စဥ်းစားသူများရှိနေခြင်း၊ ဒေါ်လာစျေးများ အဆမတန် တက်သွားနိုင်မည်လားဟူသည့် သံသယကြောင့် စီးပွားရေးသမားများနှင့်ပြည်သူများကလည်းစိတ်ပူပန်ခြင်းများရှိနေသည်။
အထိမ်းအမှတ်အဖြစ်ထုတ်သောကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေခြင်းသည် နိုင်ငံစီးပွားရေး စနစ်အတွင်း လှည့်လည်သုံးစွဲငွေ (Currency in Circulation – CIC) အတွင်းသို့ထည့်သွင်းခြင်း မဟုတ်ဘဲ ဟောင်းနွမ်းငွေစက္ကူ လာရောက်လဲလှယ်သူ တစ်ဦးလျှင် ဥပမာ-
ငွေစက္ကူအဟောင်း ကျပ် သိန်း ၁၀၀ လာရောက်လဲလှယ်သူအား ငွေစက္ကူအသစ် ကျပ်သိန်း ၁၀၀ ပြန်ပေးသည့်အခါတွင် အမှတ်တရအဖြစ် ကျပ် နှစ်သောင်းတန် ငွေစက္ကူ ၃ရွက် သာ ထည့်သွင်းလဲလှယ်ပေးရန် လျာထားသည်ဟုသိရသည်။
ဤကဲ့သို့ လဲလှယ်ထားသည့်ဟောင်းနွမ်း ငွေစက္ကူများကို ဖျက်ဆီးမည့် စာရင်းနှင့် ဖျက်ဆီးမည့် ငွေစက္ကူလက်ကျန်အတွင်း သို့ ထည့်သွင်းပြီး ဖျက်ဆီးသွားမည် ဖြစ်သဖြင့် အထက်ပါ ကျပ်နှစ်သောင်းတန် ငွေစက္ကူများထုတ်ဝေခြင်းကြောင့် ငွေကြေးပမာဏ တိုးတက်ရန်အခြေအနေ မရှိကြောင်းဗဟိုဘဏ်ကဆိုသည်။
ဤအခြေအနေတွင် အကြောင်းအမျိုးမျိုးဖော်ပြပြီး ကုန်စည်ဈေးနှုန်းများ ဆွဲတင်ရန်
လှုံ့ဆော်နေသူများ၊ နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်စေရန် ကြိုးစားနေသူများသည်ပြည်သူ အများ၏ အကျိုးစီးပွားကို ပျက်စီးရာ ပျက်စီးကြောင်း ဆောင်ရွက်နေသူများဖြစ်သဖြင့် ၎င်းတို့အား ဖော်ထုတ်ပြီး အရေးယူနိုင်ရန် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်ဟုသိရသည်။
အတည်မပြုနိုင်သော သတင်းတရပ်အရ ဒေါ်လာစျေးဆွဲတင်သူ ၂၀ ခန့်အား ခေါ်ယူစစ်ဆေးနေကြောင်းအသံများထွက်ပေါ်နေသည်။
“ဒီလိုငွေစက္ကူသစ်တွေထွက်ရင်ဒေါ်လာစျေးဆွဲတင်ဖို့ ကြိုးစားလေ့ရှိကြတာကတော့ ဖြစ်နေကျပေါ့လေ၊အရင် အတွေ့အကြုံ တွေအရ စီမံခန့်ခွဲမူ ညင်သာထိရောက်သလောက် ရက်ပိုင်းအတွင်းတော့ပြန်ကျလေ့ရှိပါတယ်”ဟု သွင်းကုန်းလုပ်ငန်းရှင်တစ်ဦးကဆိုသည်။
