အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာလုံ)က ဖွဲ့စည်းသည့် အစိုးရအဖွဲ့တွင် ဝန်ကြီးအချို့ အပြောင်းအလဲဖြစ်ပေါ်ခဲ့သည်။
ပြောင်းလဲမှုတွင် စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဖြစ်ခဲ့သူ ဦးထွန်းအုံက လက်ရှိ ကာလုံအစိုးရအဖွဲ့၏ သမ္မတရုံးဝန်ကြီး ဌာန(၄) ဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခံရသည်။
အလုပ်သမားဝန်ကြီး ဦးချစ်ဆွေသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးဖြစ်လာပြီး ယခင် နစကဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၄) ဝန်ကြီး ဦးအောင်ကျော်ဟိုးက အလုပ်သမားဝန်ကြီးဖြစ်လာသည်။
ထို့အပြင် ဖွဲ့စည်းမှုတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနဟု ဖွဲ့စည်းကာ ယခင်ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးဒေါက်တာကံဇော်သည် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဖြစ် လာသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးနေရာတွင် ဒုဝန်ကြီး ဒေါ်ဝါဝါမောင်က ရာထူးတိုးပြီး ဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်ကိုလည်း တွေ့ရသည်။
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ယခင်ပညာရေးပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေအစား ဒေါက်တာချောချောစိန်က ခန့်အပ်ခံရသည်။
ထိုနည်းတူ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကိုပေါင်းကာ ဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ထမ်းဆောင်မည်ဖြစ်ကာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနကိုလည်း Jeng Phang နော်တောင်က ဝန်ကြီးအဖြစ် တာဝန်ယူမည်လည်း ဖြစ်သည်။
စီမံကိန်းနှင့် ဘဏ္ဍာဝန်ကြီး ဦးဝင်းရှိန်၊ ပညာရေးဝန်ကြီး ဒေါက်တာညွန့်ဖေ၊ နစကဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၁)ဝန်ကြီး ဗိုလ်ချုပ်ကြီးမိုးအောင်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဦးကျော်စိုးဝင်းနှင့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီး ဦးခွန်
သန့်ဇော်ထူးတို့ က အစိုးရအဖွဲ့တွင်မပါဝင်လာသေးပေ။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇၊ပုဒ်မခွဲ(ခ) အရ ပြည်ထောင်စု အစိုးရအဖွဲ့ကို ယနေ့ (ဇူလိုင်၃၁)ရက်တွင် ပြင်ဆင်ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
ပြင်ဆင်ဖွဲ့စည်းလိုက်သော ပြည်ထောင်စုအစိုးရအဖွဲ့တွင် နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ဦးညိုစောက တာဝန်ယူမည် ဖြစ်ပြီး သူသည် နိုင်ငံတော်ဝန်ကြီးချုပ်ရုံးနှင့် အမျိုးသားစီမံကိန်းဝန်ကြီးဌာန၏ ပြည်ထောင်စု ဝန်ကြီး တာဝန်ကိုလည်း ဆောင်ရွက်မည် ဖြစ်သည်။
