အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆုံးအဖြတ်ဖြင့် ရွေးကောက်ပွဲကျင်းပနိုင်သည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ၌ပြဌာန်းထားသည်ဟု ယနေ့ မေ ၁၉ ရက်နံနက်ပိုင်းကကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအ စည်းအဝေးတွင် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပြောကြားခဲ့သည်။
မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်ကိုတာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို မဖြစ်မနေလျှောက်လှမ်းရမည်ဖြစ်၍ မိမိတို့မူလရည်ရွယ်ချက်တွင်ပါသည့်အတိုင်း ရွေးကောက်ပွဲကျင်းပပြုလုပ်ရမည်ဖြစ်ကာ ရွေးကောက်ပွဲပြုလုပ်ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဆောင်ရွက်နိုင်မည်ဆိုပါကအကောင်းဆုံး ဖြစ်သည်ဟု ပြောသည်။
” ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွေကိုလည်း ရာနှုန်းပြည့်ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိခဲ့သလို ဖဆပလခေတ်မှာလည်းအခက်အခဲတွေကြားကဆောင်ရွက်ခဲ့ရပါတယ်။ ရွေးကောက်ပွဲကျင်းပရာမှ၏ တရားမျှတတဲ့ ရွေးကောက်ပွဲ၊ အောင်မြင်တဲ့ရွေးကောက်ပွဲဖြစ်ဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။
ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ ၈၅၊ ပုဒ်မ ၁၂၈၊ ပုဒ်မ ၁၅၅ တို့တွင် လွှတ်တော်ခေါ်ရာ၌ အထ မြောက်သည့်အပိုင်းများကို ထည့်သွင်းရေးသားထား၍ ဥပဒေများအားချိန်ထိုးကြည့်ပါက ရွေးကောက်ပွဲကို အထမြောက်အောင်ဆောင်ရွက်နိုင်ခဲ့ပြီး ရွေးကောက်ပွဲကျင်းပ၍ ရွေးကောက်ခံအစိုးရဖြင့်နိုင်ငံ့အရေးဆောင်ရွက်ခြင်းသည် နိုင်ငံအတွက်အကောင်းဆုံးဖြစ်သည်ဟု ပြောသည်။
ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံရေးအရတာဝန်ယူ ဆောင်ရွက်ရာတွင် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာများကိုခွဲဝေဆောင်ရွက်လျက်ရှိပြီး အုပ်ချုပ်ရေးနှင့်ပတ်သက်၍ ရပ်ကွက်ကျေးရွာအဆင့်မှစကာ တိုင်းနှင့် ပြည်နယ်အဆင့်အထိပေးအပ်ထားခြင်းဖြစ်ပြီး အစိုးရအဖွဲ့အနေဖြင့် ပြည်ထောင်စုအဆင့်ဖွဲ့စည်းပုံအခြေခံဥပဒေမှချမှတ်ထားသည့် မူဝါဒများနှင့်အညီဆောင် ရွက်လျက်ရှိသည်ဟု ပြောသည်။
ထို့အတူ တိုင်းနှင့် ပြည်နယ်အလိုက်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအလိုက် အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် အရည်အချင်းပြည့်ဝနေရမည်ဖြစ်ကာ အုပ်ချုပ်ရေးတာဝန်ယူထားသူများနှင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းနေရန်၊ အရည်အချင်းပြည့်ဝရန်လိုအပ်သကဲ့သို့အုပ်ချုပ်မှုအတတ်ပညာ၊ ဥပဒေနှင့် ဒေသဖွံ့ဖြိုးရေးအမြင်များရှိရန်လိုသည်ဟု နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။