နယ်နှင်လိုက်သော ရွှေ့ပြောင်းများကို ပြန်လက်ခံခြင်း မပြုပါက အခွန်စည်းကြပ်မှု ကို ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမည်ဟု ကိုလမ်ဘီယာအစိုးရကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ခြိမ်းခြောက်ခဲ့ပြီးနောက် အမေရိကရောက် အထောက်အထားမဲ့ တရုတ်နိုင်ငံသားများကို ပြန်လက်ခံသွားမည်ဟု တရုတ်နိုင်ငံက ကတိပြုခဲ့သည်။
ပေကျင်းအနေဖြင့် အမေရိကတွင် အထောက်အထားမရှိဘဲ နေထိုင်နေကြသည့် နိုင်ငံသားများကို ပြန်လည်ခေါ်သွားမည်လားဆိုသည့် မေးခွန်းကို “ပြည်မကြီးက တရုတ်နိုင်ငံသားတွေဖြစ်တယ်လို့ စိစစ်ပြီး အတည်ပြုနိုင်သူတွေကို တရုတ်နိုင်ငံက လက်ခံသွားမှာပါ” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဇန်နဝါရီ ၂၇ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
“တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုပုံစံတိုင်းကို တရုတ်အစိုးရက ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်” ဟု သူက ပြောကြားခဲ့သည်။
အမေရိကန်အစိုးရ၏ အဆိုအရ ဟောင်ကောင်နှင့် မကာအိုမှ အပါအဝင် ၂၀၂၂ ခုနှစ်တွင် အမေရိက၌ အထောက်အထားမဲ့ တရုတ်လူမျိုး ၂၁၀,၀၀၀ ခန့်ရှိသည်ဟု သိရသည်။
ကိုဗစ်-၁၉ ကပ်ရောဂါပြီးဆုံးခဲ့ပြီးနောက် စာရွက်စာတမ်းအထောက်အထားမဲ့ တရုတ်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ သောင်းနှင့်ချီ၍ အမေရိကသို့ ဝင်ရောက်ခဲ့သောကြောင့် အဆိုပါအရေအတွက်သည် တိုးမြင့်လာဖွယ်ရှိသည်ဟု ဆိုသည်။
အမေရိကတွင် တရားမဝင်နေထိုင်နေသည့် တရုတ်ရွှေ့ပြောင်းနေထိုင်သူများပါဝင်သည့် လေယာဉ်လေးစင်းကို ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံက လက်ခံဆင်းသက်ခွင့်ပြုခဲ့သည်ဟု အမိမြေလုံခြုံရေးဌာန၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
Ref: သည်စထရိတ်တိုင်းမ်စ်