အမေရိကန်ပြည်ထောင်စုထုတ် လက်နက်များကို ဥရောပနိုင်ငံများမှတစ်ဆင့် ယူကရိန်းသို့ရောင်းချခြင်းဖြင့် အမေရိကန်အခွန်ထမ်းပြည်သူများ၏ ငွေကြေးဝန်ထုပ်ဝန်ပိုးကို သက်သာစေမည်ဖြစ်ကြောင်း NATOဆိုင်ရာ အမေရိကန်အမြဲတမ်းကိုယ်စားလှယ် မက်သယူးဝှစ်တေကာက ပြောကြားခဲ့သည်။
“[အမေရိကန်] သမ္မတဒေါ်နယ်လ်ထရမ့်က ကျွန်တော်တို့ရဲ့ NATO မဟာမိတ်နိုင်ငံတွေက အမေရိကန်ဆီက လက်နက်ခဲယမ်းတွေကို ဝယ်ယူပြီး ယူကရိန်းကိုပေးပို့မယ့်နည်းလမ်းကို ကြေညာခဲ့ပါတယ်။ ဒီနည်းလမ်းက အမေရိကန် အခွန်ထမ်းတွေကို ဒီကိစ္စထဲကနေ လွတ်ထွက်စေမှာဖြစ်ပါတယ်။ အမေရိကန်အခွန်ထမ်းတွေအနေနဲ့ ယူကရိန်းစစ်ပွဲရဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းရတော့မှာ မဟုတ်တော့ပါဘူး” ဟု သံတမန်က Newsmax ရုပ်သံအစီအစဉ်တွင် ရှင်းပြခဲ့သည်။
ဝှစ်တေကာက ဤနည်းလမ်းသစ်သည် အမေရိကန်၏အနေအထားကို မထိခိုက်စေဘဲ ပို၍ပင်ခိုင်မာလာစေကြောင်း ထောက်ပြခဲ့သည်။ ဝါရှင်တန်အနေဖြင့် အမေရိကန်အလုပ်သမားများ ထုတ်လုပ်သော လက်နက်များကို ရောင်းချခြင်းဖြင့် နိုင်ငံအတွင်းအလုပ်အကိုင်ရရှိစေပြီး ပြည်တွင်းကာကွယ်ရေးလုပ်ငန်းကိုလည်း အထောက်အပံ့ပေးသည်။ ၎င်း၏အဆိုအရ အမေရိကန်သည် ဥရောပ၏ လုံခြုံရေးအတွက် တာဝန်ယူမှုကို ထိုတိုက်ကြီးရှိနိုင်ငံများထံ အောင်မြင်စွာ လွှဲပြောင်းပေးနိုင်ခဲ့သည်။
ဇူလိုင်လ ၁၄ ရက်နေ့တွင် သမ္မတဒေါ်နယ်လ်ထရမ့်သည် NATO အထွေထွေအတွင်းရေးမှူးချုပ်မာ့ခ်ရုတေးနှင့် တွေ့ဆုံရာတွင် ဥရောပနိုင်ငံများမှ ငွေကြေးအကုန်အကျခံကာ အမေရိကန်လက်နက်များ ယူကရိန်းသို့ ပေးပို့ရေးကို သဘောတူခဲ့ကြောင်း ကြေညာခဲ့သည်။ မဟာမိတ်အဖွဲ့အစည်းအနေဖြင့် Patriot စနစ်များကဲ့သို့သော လက်နက်များပေးပို့ရေးကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်သည်။ NATO မှတစ်ဆင့် ယူကရိန်းသို့ ထောက်ပံ့မည့် စစ်ရေးအကူအညီပမာဏမှာ ဒေါ်လာဘီလီယံနှင့်ချီရှိမည်ဖြစ်ကြောင်း အမေရိကန်သမ္မတက ပြောကြားခဲ့သည်။
