ဇူလိုင်လ ၁၁ ရက်နေ့က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတ ထရမ့်ထံ အခွန်ကိစ္စနှင့်ပတ်သက်၍ပြန်ကြားလွှာတွင် ” အခွန်စည်းကြပ်မှုများကို လျော့ချရေးအပြင် နှစ်နိုင်ငံလုံးနှင့် ပြည်သူများ၏ အကျိုးစီးပွားနှင့် သာယာဝပြောရေးကို အဟန့်အတား ဖြစ်စေသည့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့အရေးယူမှုများကို ပြန်လည်စဉ်းစား ဖြေလျှော့ပေးရန် ” တို့ကိုထည့်သွင်း တောင်းဆိုခဲ့သည်။
ထိုပြန်စာပို့အပြီး ရက်သတ္တ နှစ်ပတ်အကြာတွင်မြန်မာစီးပွားရေးလုပ်ငန်းရှင် ၄ ဦးအား စီးပွားရေးပိတ်ဆို့ထားခြင်းစာရင်းမှ ဖယ်ရှာလိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ကြာသပတေးနေ့က ကြေငြာလိုက်သည်ကို StartNews Global နှငိ့ ရိုက်တာ သတင်းဌာနတို့က ဖော်ပြထားသည်။
နစက တာဝန်ယူမှု့ တနှစ်ပြည့်တွင် ဘိုင်ဒင်အစိုးရက ပိတ်ဆို့စာရင်းသွင်းခဲ့သည့် KT Services & Logistics မှ ဂျွန်နသန် မျိုးကျော်သောင်း၊ Suntac Technologies မှ ဦးစစ်တိုင်းအောင်နှင့် MCM Group မှ ဦးအောင်လှိုင်ဦး၊ ၂၀၂၄ တွင်စာရင်းသွင်းခဲ့သည့် ရွှေဗျိုင်းဖြူ ကုမ္မဏီမှ ဒေါ်တင်လတ်မင်းတို့ကို ပိတ်ဆို့စာရင်းမှ ဖယ်ရှားလိုက်ခြင်းဖြစ်သည်။
၂၀၂၁ခု မတ်လ ၂၅ ရက်နေ့တွင် အမေရိကန်ဘဏ္ဍာရေးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) က တပ်မတော်ပိုင်ကုမ္ပဏီများဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင်အများပိုင်ကုမ္ပဏီလီမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းလီမိတက် (MEC) တို့ကိုလည်း ဒဏ်ခတ်ပိတ်ဆို့ခဲ့သည်။
“ဒီလိုတွေလုပ်ဆောင်တာဟာ မြန်မာပြည်သူတွေကို ဦးတည်တာ မဟုတ်ဘူး။အမေရိက, က မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဆီ ပြန်သွားဖို့ တိုက်တွန်းပါတယ်” ဟု နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး ညွှန်ကြားရေးမှူး Andrea M. Gacki က ထိုစဥ်ကပြောကြားခဲ့ဖူးသည်။
၂၀၂၁ခုနှစ် မေလ ၁၇ ရက်နေ့တွင် နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးဌာန (“OFAC”) သည် မြန်မာနိုင်ငံအခြေအနေနှင့်စပ်လျဉ်း၍ ပိုင်ဆိုင်မှုပိတ်ဆို့ခြင်း (“EO 14014”) အရ နောက်ထပ် ပိတ်ဆို့အရေးယူမှုများ ထပ်မံထုတ်ပြန်ခဲ့ရာ နစက အဖွဲ့ဝင် လေးဦး၊ ဝန်ကြီး ခုနစ်ဦး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ နှင့် အခြားပုဂ္ဂိုလ် သုံးဦးကို အထူးသတ်မှတ်ထားသော နိုင်ငံသားများ စာရင်း (“SDN”) တွင် ထည့်သွင်း သတ်မှတ်ခဲ့သည်။
