အီးယူနိုင်ငံ ခေါင်းဆောင်များသည် ယူကရိန်းပဋိပက္ခ၊ ဆိုက်ဘာခြိမ်းခြောက်မှုများ၊ အရှေ့အလယ်ပိုင်းဒေသ၏ မတည်ငြိမ်မှုတို့ကို တုံ့ပြန်သည့်အနေဖြင့် အီးယူနိုင်ငံများ၏ ကာကွယ်ရေးအား မြှင့်တင်ရန်နှင့် ကာကွယ်ရေးအသုံးစရိတ်များ တိုးမြှင့်ရန် အစရှိသည်တို့ကို ဘရပ်ဆဲလ်မြို့တွင် ကျင်းပမည့် ပုံမှန်မဟုတ်သော ထိပ်သီးအစည်းအဝေးတွင် ဆွေးနွေးကြမည်ဖြစ်သည်။
ထို့အပြင်၊ အီးယူအရာရှိကြီးတစ်ဦးက ဘရပ်ဆဲလ်မြို့တွင် သတင်းထောက်များအား ပြောကြားရာတွင် ခေါင်းဆောင်များသည် ဒေါ်နယ်ထရမ့်ခေါင်းဆောင်သော အမေရိကန်နှင့် ဆက်ဆံရေးကို အထူးဂရုပြု၍ထည့်သွင်းဆွေးနွေးရန် ရည်ရွယ်ထားသည်ဟု သိရသည်။
နေတိုးအထွေထွေအတွင်းရေးမှူး နှင့် ဗြိတိသျှဝန်ကြီးချုပ် တို့ကိုလည်း အီးယူ၏ ပုံမှန်မဟုတ်သော ထိပ်သီးအစည်းအဝေးသို့ ဖိတ်ကြားထားသည်။
မူလက အဆိုပါ အစည်းအဝေးကို ဘယ်လ်ဂျီယမ်နိုင်ငံ Liege မြို့ အနီးရှိ ခံတပ်ဟောင်းတစ်ခုတွင် အနားယူဆွေးနွေးပွဲအဖြစ် ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။ အီးယူခေါင်းဆောင်များအား လွတ်လပ်စွာနှင့် ပွင့်လင်းစွာ ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ အဆိုပါ သီးသန့်နေရာအား ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ဥရောပကောင်စီဥက္ကဋ္ဌ အန်တိုနီယိုကိုစ်တာက ဆိုသည်။ သို့သော်၊ ဥရောပကောင်စီသည် ခေါင်းဆောင်များ၏ လုံခြုံရေး သေချာစေရန်အတွက် လိုအပ်သော အစီအမံများကို ပြန်လည်သုံးသပ်ပြီးနောက် အစည်းအဝေးကျင်းပမည့်နေရာကို ဘရပ်ဆဲလ်မြို့ရှိ Egmont Palace သို့ ပြောင်းရွှေ့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။