ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ(UNHRC) အပါအဝင် ကုလသမဂ္ဂအေဂျင်စီများစွာနှင့် အမေရိက၏ လက်တွဲဆောင်ရွက်မှုများကို အဆုံးသတ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အမိန့်ပေးခဲ့ပြီး အဖွဲ့အစည်းပေါင်းစုံရှိ အမေရိကငွေကြေးထောက်ပံ့မှုများကို ကျယ်ကျယ်ပြန့်ပြန့်အကဲဖြတ်ရန် စတင်လုပ်ဆောင်နေသည်။ ထို့အပြင် အိမ်ဖြူတော်သည် ပါလက်စတိုင်း ကယ်ဆယ်ရေးအေဂျင်စီ(UNRWA) သို့ ငွေကြေးထောက်ပံ့မှု ရပ်ဆိုင်းထားခြင်းကို အချိန်ထပ်တိုးခဲ့ပြီး ကုလသမဂ္ဂယဉ်ကျေးမှုအေဂျင်စီ(ယူနက်စ်ကို) နှင့် ပတ်သက်မှုကို ပြန်လည်သုံးသပ်ရန်လည်း အမိန့်ပေးသည်။
အိမ်ဖြူတော်အတွင်းဝန် Will Scharf အဆိုအရ အဆိုပါဆောင်ရွက်ချက်များသည် ကုလအေဂျင်စီများအတွင်း အမေရိကဆန့်ကျင်ရေး ဘက်လိုက်မှု သဘောထားရှိနေခြင်းကို တုန့်ပြန်မှုတစ်ရပ်ဖြစ်သည်ဟု ဆိုသည်။ ယေဘုယျအားဖြင့် သမ္မတအမိန့်သည် မတူကွဲပြားသောနိုင်ငံများအကြား ရန်ပုံငွေထည့်ဝင်မှုအဆင့်နှင့် အဆမတန်ကွဲပြားခြားနားမှုများကြောင့် ကုလသမဂ္ဂတွင် အမေရိကပါဝင်မှုနှင့် ငွေကြေးထောက်ပံ့မှုများကို ပြန်လည်သုံးသပ်ရန် တောင်းဆိုခြင်းဟု Scharf က ပြောဆိုခဲ့သည်။
ကုလသမဂ္ဂအထွေထွေညီလာခံက သုံးနှစ်သက်တမ်းအတွက် ကုလလူ့အခွင့်အရေးကောင်စီအဖွဲ့ဝင် ၄၇ နိုင်ငံကို ရွေးချယ်ခဲ့ရာတွင် အမေရိကန်ပြည်ထောင်စုလည်း ပါဝင်သည်။ ၎င်း၏ လက်ရှိရာထူးသက်တမ်းကို ဒီဇင်ဘာလ ၃၁ ရက်တွက် အပြီးသတ်ရန် သတ်မှတ်ထားပြီး လေ့လာသူနိုင်ငံအဆင့်ကိုမူ ဆက်လက်ထိန်းသိမ်းထားသည်ဟု ဆိုသည်။ ထရမ့်ပ်အစိုးရအဖွဲ့က ထုတ်ပြန်သော ညွှန်ကြားချက်သည် ကောင်စီ၏ လုပ်ငန်းဆောင်တာများတွင် အမေရိကပါဝင်ပတ်သက်မှုအားလုံးကို ရပ်တန့်စေကာ နိုင်ငံအလိုက် လူ့အခွင့်အရေး အကဲဖြတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးမှုများ နှစ်ရပ်စလုံးအတွက် အကျူးံဝင်စေသည်။
Ref: အင်န်ဒီတီဗီ