အမေရိကန်က ယူကရိန်းကို ပေးပို့ပြီးဖြစ်တဲ့ အကူအညီစုစုပေါင်းဟာ ၁၇၇ ဘီလီယံရှိပြီလို့ စာရင်းပေါက်နေပေမယ့် ယူကရိန်းက အခုအချိန်အထိ လက်ခံရရှိတာကတော့ ၇၅ ဘီလီယံပဲရှိတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောပါတယ်။
“ဒီပိုက်ဆံတွေ ဘယ်ရောက်သွားမှန်း ကျွန်တော်မသိဘူး” လို့လဲ ဇလန်းစကီးကဆိုပါတယ်။
AP သတင်းဌာန နဲ့ သီးသန့်အင်တာဗျူးတစ်ခုမှာ ဇလန်းစကီးက ခုလိုပြောရင်း ထရမ့်ရဲ့ အထူးကိုယ်စားလှယ် ကိကဲလော့၊ နိုင်ငံခြားရေးအကြံပေးပုဂ္ဂိုလ် မိုက်ဝေါ့ဇ်တို့နဲ့လဲ ဆက်သွယ်ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။ သူက ဒီဆွေးနွေးပွဲတွေကို “အရမ်းကောင်းတယ်” လို့ ပြောပြီး “အထွေထွေအကြောင်းအရာတွေပါ” လို့လဲ ဆိုပါတယ်။
ထရမ့်ရဲ့ အထူးကိုယ်စားလှယ် ကိကဲလော့ရဲ့ ယူကရိန်းခရီးစဉ်ကို ခဏဆိုင်းငံ့ထားတယ်လို့ဆိုပေမယ့် မကြာခင်မှာ ဖြစ်လာမယ်လို့ မျှော်လင့်ထားကြောင်းကိုလဲ ဇလန်းစကီးက ဆိုပါတယ်။
“ဒါက လာမယ့်ရက်သတ္တပတ်တွေအတွင်း၊ အနီးစပ်ဆုံးရက်တွေမှာ ဖြစ်ဖို့က ကျွန်တော်တို့အတွက် အရေးကြီးပါတယ်” လို့ သူက ဆိုပါတယ်။ အမေရိကန်နဲ့ ရုရှားတို့ကြား ယူကရိန်းမပါဘဲ စစ်ပွဲအကြောင်း တိုက်ရိုက်ဆွေးနွေးတာက “အတော်လေး အန္တရာယ်ရှိတယ်” လို့လဲ ဇလန်းစကီးက ဆိုပါတယ်။
“သူတို့မှာ သူတို့ရဲ့ ကိုယ်ပိုင်ဆက်ဆံရေးတွေ ရှိနိုင်ပေမယ့် ကျွန်တော်တို့ကို မပါဘဲ ယူကရိန်းအကြောင်း ပြောဆိုတာက လူတိုင်းအတွက် အန္တရာယ်ရှိပါတယ်” လို့ ဇလန်းစကီး ဆိုပါတယ်။