ကုန်သွယ်မှုဆိုင်ရာ တင်းမာမှုများ ပြေလျှော့စေရေးနှင့် ထရမ့်ပ်အစိုးရက ချမှတ်ထားသော အခွန်နှုန်းထား လျှော့ချပေးရေးအလို့ငှာ ဘင်္ဂလားဒေ့ရှ်က ဘိုးရင်းလေယာဉ် ၂၅ စီးကို မှာယူခဲ့သကဲ့သို့ အဓိကအမေရိကန်ကုန်ပစ္စည်းများကို ပိမို၍တင်သွင်းခဲ့ကြောင်း အကြီးတန်းအရာရှိတစ်ဦးက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
အဆိုပါ ဆောင်ရွက်ချက်သည် အမေရိက၏ ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မှုလိုငွေကို ကျဉ်းမြောင်းသွားစေရန်နှင့် နိုင်ငံ၏ ပို့ကုန်ကဏ္ဍကို လှုပ်ခတ်သွားစေသည့် အထူးသဖြင့် အထည်ချုပ်ကဏ္ဍတွင် ၎င်း၏ အကြီးဆုံးဈေးကွက်များထဲမှတစ်ခု၌ ယှဉ်ပြိုင်နိုင်စွမ်းဆုံးရှုံးနိုင်သည့် အန္တရာယ်ရှိသော အခွန်သတ်မှတ်ချက် ၃၅ ရာခိုင်နှုန်းကို ရှောင်ရှားနိုင်ရေး၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
“လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့ လေယာဉ်အသစ်တွေ အရေးတကြီးလိုအပ်ချက်ရှိလာနိုင်တယ်” ဟု ကုန်သွယ်ရေးဝန်ကြီး မာဘူဘူရ် ရာ့မန်က သတင်းထောက်များကို ပြောကြားခဲ့သည်။ “ကနဦးကတော့ ၁၅ စင်းပေါ့၊ လက်ရှိမှာ ၂၅ စင်းဖြစ်ပါတယ်” ဟု အမေရိကန်လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီထံမှ အစောပိုင်းက လေယာဉ်ဝယ်ယူရေးအစီအစဉ်ကို ရည်ညွှန်းကာ ၎င်းက ပြောကြားခဲ့သည်။
လေယာဉ်အရောင်းအဝယ် သဘောတူချက်နှင့်အတူ ဘင်္ဂလားဒေ့ရှ်သည် အမေရိကန်ပြည်ထောင်စုမှ ဂျုံ၊ ပဲပုပ်ဆီနှင့် ဝါဂွမ်း တင်သွင်းမှုကို ပိုမိုပြုလုပ်လျက်ရှိသည်။ ယခုလအစောပိုင်းတွင် လက်မှတ်ရေးထိုးခဲ့သော သေဘာတူညီချက်အသစ်အရ ဘင်္ဂလားဒေ့ရှ်သည် လာမည့်ငါးနှစ်အတွင်း နှစ်စဉ် အမေရိကန်ဂျုံ ကို တန်ချိန် ၇၀၀,၀၀၀ တင်သွင်းရမည်ဖြစ်သည်။
ထိုသို့ ဆောင်ရွက်ခြင်းသည် ဝါရှင်တန်နှင့် ကုန်သွယ်ရေးဆက်ဆံမှုကို တိုးတက်ကောင်းမွန်စေပြီး ထရမ့်ပ်အစိုးရ၏ အခွန်အကောက်စီမံချက်များမှ ထိခိုက်မှုကို သက်သာစေမည်ဟု ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူများက မျှော်လင့်ထားသည်။
ref: အာရပ်နူးစ်
