မြူးနစ်၊ဖေဖော်ဝါရီ ၁၅
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်က တစ်ဖက်သတ်ချမှတ်ထားသည့် ပိတ်ဆို့ဒဏ်ခတ်မှုများသည် အနို-င်ကျင့်သည့်နည်းလမ်းတစ်ခုဖြစ်ပြီး ပေကျင်းကလည်း ပြန်လည်တုန့်ပြန်သွားရန်သာရှိကြောင်း တရုတ်ထိပ်တန်းသံတမန် ဝမ်ယိက ပြောကြားလိုက်သည်။
“အမေရိကအနေနဲ့ တရုတ်နဲ့အတူ ညှိညှိနှိုင်းနှိုင်းဆောင်ရွက်ဖို့ဆန္ဒမရှိရင် တရုတ်ဘက်ကလည်း ထပ်တူတုန့်ပြန်သွားမှာပါ” ဟု မြူးနစ်လုံခြုံရေးညီလာခံ၌ ဝမ်ယိကထုတ်ဖော်ပြောကြားခဲ့သည်။
ထရမ့်ပ်အစိုးရသည် ၎င်း၏ဒုတိယသက်တမ်းအတွင်း တရုတ်နိုင်ငံအပေါ် အခွန် ၁၀ ရာခိုင်နှုန်းချမှတ်ခဲ့သည်။
ပေကျင်းကမူ အနည်းငယ်သော အမေရိကန်ကုမ္ပဏီများကိုပစ်မှတ်ထားကာ လက်တုန့်ပြန်သည့်အနေဖြင့် အချို့သောအမေရိကန်ကုန်ပစ္စည်းများအပေါ်အခွန်စည်းကြပ်မှုများနှင့် အရေးပါသည့်သတ္တုအချို့အပေါ် တင်ပို့မှုထိန်းချုပ်ခြင်းများပြုလုပ်ခဲ့သည်။
သို့သော်မစ္စတာဝမ်ကဆက်လက်၍ ပေကျင်းအနေဖြင့်မူ ဝါရှင်တန်နှင့်ဆက်သွယ်ရေးကို ရေရှည်ခိုင်မာရန်ကြိုးပမ်းနေကြောင်း၊ နှစ်နိုင်ငံအကြား နားလည်မှုမြှင့်တင်ရန်နှင့် ယုံကြည်မှုတည်ဆောက်ရန်အပြင် အပြန်အလှန်ဖလှယ်မှုများပါ အားကောင်းရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
Source : သည်စထရိတ်တိုင်မ်းစ်
