မကြာသေးမီ ရက်သတ္တပတ်များအတွင်း အပူချိန်မြင့်မားမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေခဲ့တာကြောင့် ကျောင်းသားတွေအနေနဲ့ နောက်ထပ်အသိပေးချက်မထုတ်ပြန်မချင်း ကာယလေ့ကျင့်ခန်း(PE) ဝတ်စုံတွေ ဝတ်ဆင်ကြဖို့ရာ စင်ကာပူနိုင်ငံရှိ စာသင်ကျောင်းအချို့က အကြံပြုခဲ့တယ်လို့ သိရပါတယ်။
အနည်းဆုံး ကျောင်း ၁၀ ကျောင်းလောက်က သူတို့ရဲ့ ကျောင်းယူနီဖောင်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်တွေ ဖြေလျှော့တာ သို့မဟုတ် ဖြေလျှော့ပေးဖို့ စီစဉ်နေကြပြီဖြစ်တယ်လို့ မူလတန်းနဲ့ အလယ်တန်းကျောင်းသားတွေရဲ့ မိဘတွေက ပြောဆိုကြပါတယ်။
၂၀၂၄ ခုနှစ်မှာ ကျွန်းနိုင်ငံရဲ့ အပူချိန်တွေဟာ ၂၀၂၃ ခုနှစ်ကထက် ပိုမြင့်နိုင်ပြီး မှတ်တမ်းပြုမှုများစတင်ခဲ့တဲ့ ၁၉၂၉ ခုနှစ်နောက်ပိုင်း စတုတ္ထမြောက် အပူဆုံးနှစ်ဖြစ်လာဖို့ရှိတယ်လို့ စင်ကာပူ မိုးလေဝသဋ္ဌာန (MSS) က မတ် ၂၃ ရက်မှာ ထုတ်ပြန်ခဲ့ပြီးနောက် ယင်းသို့ ကျောင်းဝတ်စုံဆိုင်ရာ အကြံပြုချက်တွေ ထွက်လာတာဖြစ်ပါတယ်။
MSS ဝက်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရ ၂၀၂၄ ခုနှစ်မှာ စင်ကာပူနိုင်ငံရဲ့ အမြင့်ဆုံး အပူချိန်ဟာ မတ် ၂၄ ရက်က ၃၆.၃ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး လကုန်တိုင်အောင် နေ့စဉ်အမြင့်ဆုံးအပူချိန်တွေဟာ ၃၄ ဒီဂရီ စင်တီဂရိတ်နဲ့ ၃၅ ဒီဂရီစင်တီဂရိတ်ဝန်းကျင် ရှိနိုင်တယ်လို့ ခန့်မှန်းခဲ့ပါတယ်။
ဒါ့အပြင် မတ် ၂၇ မှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း လွန်ကဲအဆင့်ကို ရောက်ရှိခဲ့ပြီးနောက် စင်ကာပူ အမျိုးသား သဘာဝပတ်ဝန်းကျင်အေဂျင်စီကလည်း ပြည်သူတွေအနေနဲ့ နေကာခရင်တွေ လိမ်းကြဖို့၊ ထီးတွေ၊ ဦးထုပ်တွေ ဆောင်းကြဖို့ တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။
Ref: The Straits Times
