အနောက်နိုင်ငံများ၏ ရန်ပြုမှုကို ကြုံတွေ့ရလျှင် ရုရှားသည် နျူကလီးယားလက်နက်ကို သုံးပိုင်ခွင့်ရှိသည်ဟု မော်စကို၏ ထိပ်တန်းလုံခြုံရေးအရာရှိ ဆာဂီရှိုဂူက အင်တာဗျူးတွင် ပြောဆိုခဲ့သည်ဟု နိုင်ငံပိုင် တာ့စ်သတင်းဌာနက ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။
မကြာခင်အချိန်၌ သဘောတူညီချက်ရရန် တိုးတက်မှုတစ်စုံတရာမရှိခဲ့လျှင် ဝါရှင်တန်သည် ယူကရိန်းငြိမ်းချမ်းရေးအတွက် စေ့စပ်ပေးရန် ကြိုးပမ်းနေခြင်းမှ စွန့်ခွာသွားနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဒုတိယသမ္မတ ဂျေဒီဗန့်စ်တို့က သတိပေးခဲ့ပြီးနောက် ရှိုဂူ၏ ယခု ပြောဆိုချက် ထွက်လာခြင်းဖြစ်သည်။
ရုရှားကာကွယ်ရေးဝန်ကြီးအဖြစ် ဆယ်စုနှစ်တစ်ခုကျော် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ ပြီးခဲ့သည့်နှစ်က အစိုးရအဖွဲ့အပြောင်းအလဲတွင် သြဇာကြီးမားသော လုံခြုံရေးကောင်စီ၏ အကြီးအကဲဖြစ်လာသော ရှိုဂူက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် သမ္မတ ဗလာဒီမာပူတင်က အတည်ပြုပေးခဲ့သည့် မော်စကို၏ နျူကလီးယားအယူဝါဒဆိုင်ရာ ပြင်ဆင်ချက်ကို ကိုးကား၍ အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
စည်းမျဉ်းသတ်မှတ်ချက်အသစ်များအရ ၎င်းတို့၏ အချုပ်အခြာအာဏာ သို့မဟုတ် ၎င်းတို့၏ နယ်မြေစိုးမိုးမှုကို ပြင်းထန်သော ခြိမ်းခြောက်မှုဖြစ်စေသည့် ရုရှားသို့မဟုတ် မဟာမိတ် ဘီလာရုစ်အပေါ် သမားရိုးကျ တိုက်ခိုက်မှုကို ရုရှားက နျူကလီးယားတိုက်ခိုက်မှုဖြင့် တုန့်ပြန်ရန် စဉ်းစားနိုင်သည်ဟု ဖော်ပြထားသည်။
“ရုရှားဖက်ဒရေးရှင်းရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေစိုးမိုးမှုကို ခြိမ်းခြောက်တဲ့ နိုင်ငံရပ်ခြားတိုင်းပြည်တွေရဲ့ မိတ်ဆွေမဆန်တဲ့ လုပ်ရပ်မျိုးတွေ ကြုံလာခဲ့ရင် ငါတို့တိုင်းပြည်ဟာ ဒီလုပ်ရပ်တွေကို နှိမ်နင်းဖို့နဲ့ ထပ်တလဲလဲ ဖြစ်မလာရေး ဟန့်တားဖို့ရာ သူရဲ့တို-က်ခိုက်မှုနဲ့ ညီမျှတဲ့ တန်ပြန်မှုပဲဖြစ်ဖြစ်၊ အဆမတန် တုန့်ပြန်တာပဲဖြစ်ဖြစ် လိုအပ်သလို တုန့်ပြန်ရင် တရားတယ်လို့ ယူဆပါတယ်” ဟု ရှိုဂူက ပြောကြားခဲ့သည်။
Ref: ဘန်ကောက်ပို့စ်