Chue Chue လူသုံးကုန် ပစ္စည်းရောင်းဝယ်ရေး အမည်ဖြင့် အွန်လိုင်းမှ ဈေးရောင်းချသူပုံစံဖြင့် ငွေကြေးလိမ်လည်သည့်အဖွဲ့ကို ပဲခူးမြို့မရဲစခန်းက ဖေါ်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လိမ်လည်ခြင်းခံရသည့် နစ်နာသူတစ်ဦးမှ ပဲခူးမြို့မရဲစခန်းသို့ လာရောက် တိုင်ကြားခဲ့သည့်အတွက် ပဲခူးမြို့မရဲစခန်းက ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
လိမ်လည်ခံရသူသည် Chue Chue လူသုံးကုန်ပစ္စည်းရောင်ဝယ်ရေးမှ ရောင်းဝယ်သည့်ပစ္စည်းတစ်ခုကို ဝယ်ယူခဲ့ပြီး ချိုချိုအေးအမည်ဖြင့် ဖွင့်လှစ်ထားသည့် K pay account သို့ ငွေလွှဲပေးရာ လိမ်လည်သွားသည့်အတွက် ဖေါ်ထုတ်အရေးယူပေးရန် တိုင်ကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ချိုချိုအေး K Pay အကောင့်အား စုံစမ်းမှုများလုပ်ဆောင်ခဲ့ရာ ယင်းအကောင့်ဖွင့်ရာတွင်ပါဝင်သူ ဝေယံဖြိုးနှင့် အောင်ခန့်တို့အား ဦးစွာဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးသည် အခြားသူများ၏ ကိုယ်ရေးအချက်အလက်များရယူပြီး K pay အကောင့်များ ပြုလုပ်ရောင်းချနေသူများဖြစ်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က ကွင်းဆက်များလိုက်လံဖော်ထုတ်ရာမှတဆင့် Chue Chueလူသုံးကုန်ပစ္စည်းရောင်းဝယ်ရေး အမည်ခံ လိမ်လည်နေသည့် စိန်ပိတောက်လမ်း ၊ (၅)ရပ်ကွက် ၊ ထန်းတပင်မြို့နယ်နေသူ အိအိမွန်(၂၆)နှစ် (ဘ)ဦးခင်စိုး အား ထပ်မံဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့နှင့်အတူ K Pay / Wave pay အကောင့်များအသုံးပြုပြီး လိမ်လည်ရယူထားသည့် ငွေကျပ်သိန်း(၃၅၀)ကိုလည်း သိမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ကျုးလွန်သူ (၃)ဦးကို ပဲခူးမြို့မရဲစခန်းတွင် အမှုဖွင့်ကာ အရေးယူဆောင်ရွက်မှုများလုပ်ဆောင်နေကြောင်း သိရသည်။
