အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် လတ်တလော ဂါဇာ အကျဉ်းသားလဲလှယ်ရေး သဘောတူညီချက်၏ နောက်အဆင့်များကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဆွေးနွေးရန် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် အမေရိကန်သို့ သွားမည်ဖြစ်ကြောင်း နေတန်ယာဟု၏ အကြံပေး ဒီမီထရီ ဂန်ဒယ်မန်က ပြောကြားသည်။
“အစ္စရေးဝန်ကြီးချုပ်သည် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် အမေရိကန်သို့ ပျံသန်းကာ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံမည်။ ဂါဇာသဘောတူညီချက်၏ နောက်အဆင့်များအပါအဝင် ပြဿနာအမျိုးမျိုးကို ဆွေးနွေးကြမည်” ဟု သူကဆိုသည်။
နေတန်ယာဟု၏ ရုံးမှလည်း “ဝန်ကြီးချုပ်သည် ဖေဖော်ဝါရီ ၂ ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံရန် အမေရိကန်သို့ လေယာဥ်ဖြင့်သွားမည်” ဟု အတည်ပြုခဲ့သည်။
“သမိုင်းဝင် အစည်းအဝေးတွင် ခေါင်းဆောင်နှစ်ဦးသည် ဂါဇာကမ်းမြှောင်ဒေသ အခြေအနေ၊ အကျဉ်းသားပြဿနာ၊ အီရန်ဝင်ရိုးစွန်းနိုင်ငံများမှ မဖြစ်သင့်သောကိစ္စများကို ရင်ဆိုင်ဖြေရှင်းရန် ကြိုးပမ်းမှုများနှင့် အခြားသောအဓိကပြဿနာများကို ဆွေးနွေးကြမည်” ဟု ဝန်ကြီးချုပ်ရုံးမှ ပြောကြားသည်။
ထရမ့်က နေတန်ယာဟုအား ဖေဖော်ဝါရီ ၄ ရက်နေ့တွင် အိမ်ဖြူတော်၌ တွေ့ဆုံရန် ဖိတ်ကြားခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးမှ ဇန်နဝါရီ ၂၈ ရက်နေ့ကတည်းက သတင်းထုတ်ပြန်ခဲ့သည်။
နေတန်ယာဟုသည် ဒေါ်နယ်ထရမ့်၏ ဒုတိယသမ္မတသက်တမ်းအတွင်း အိမ်ဖြူတော်သို့ ဖိတ်ကြားခံရသည့် ပထမဆုံးသော နိုင်ငံခြားခေါင်းဆောင် ဖြစ်လာမည်ဟု ဝန်ကြီးချုပ်ရုံးမှ ဖြည့်စွက်ပြောကြားခဲ့သည်။