ရုရှား-ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် ကြားဝင်ကြိုးပမ်းနေသည့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်သည် လာမည့်သီတင်းပတ်ကို အစောဆုံးထား၍ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံနိုင်ကြောင်း အိမ်ဖြူတော်အရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
အစည်းအဝေးအချိန်နှင့် နေရာကို သတ်မှတ်ရခြင်း မရှိသေးကြောင်းကို အမည်မဖော်လိုသည့် အဆိုပါ အရာရှိက ပြောကြားခဲ့သည်။
ထရမ့်ပ်သည် ပူတင်၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနှစ်ဦးစလုံးနှင့် တွေ့ဆုံရန် လမ်းဖွင့်ထားကြောင်းကိုလည်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။
ပူတင်နှင့် ထရမ့်ပ်အကြား တွေ့ဆုံမှုသည် ယခုနှစ်တွင် ထရမ့်ပ် သမ္မတရာထူး တကျော့ပြန်ရယူပြီးနောက်ပိုင်း ပထမဆုံးဖြစ်လာမည် ဖြစ်သည်။ ရုရှားနှင့် ယူကရိန်းတို့သည် ၎င်းတို့၏ လိုလားချက်များနှင့် ဝေးကွာနေဆဲဖြစ်သောကြောင့် တွေ့ဆုံမှုသည် တို-က်ပွဲများကို အဆုံးသတ်စေမ့ည့် ရလဒ်မျိုးထွက်ပေါ် ရန်မမျှော်လင့်နိုင်သော်လည်း သုံးနှစ်ကြာစစ်ပွဲအတွင်း အရေးပါသော မှတ်တိုင်တစ်ခုဖြစ်လာမည်ဖြစ်သည်။
နောက်ပိုင်းတွင် အိမ်ဖြူတော်၌ သတင်းထောက်များရှေ့ထွက်လာသည့် ထရမ့်ပ်က တွေ့ဆုံမှုအတွက် ဖြစ်နိုင်ခြေ ရှိသော နေရာနှင့်ပတ်သက်သော မေးခွန်းများကို ဖြေကြားခြင်း မရှိခဲ့ပေ။ သို့ရာတွင် ပူတင်၊ ဇလန်းစကီးတို့နှင့် ထိပ်သီးဆွေးနွေးပွဲအကြောင်း မေးမြန်းရာတွင်မူ “သူတို့နဲ့ တွေ့ဆုံဖို့က အလားအလာ အရမ်းကောင်းပါတယ်” ဟု သူကပြောဆိုခဲ့သည်။
တိုက်ပွဲများ အဆုံးသတ်ရေးအတွက် သဘောတူညီချက်ရရန် မည်မျှနီးစပ်နေပြီလည်းဆိုသည်ကို ခန့်မှန်းပြောကြားပေးရန် တောင်းဆိုမှုကိုလည်း သမ္မတက မဖြေကြားခဲဲဘဲ“ ဒီကိစ္စအတွက် ငါအရင်က စိတ်ပျက်ခဲ့ဖူးပါတယ်” ဟု သူက ပြောကြားခဲ့သည်။
Ref: အေပီ
