သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦး စီးဌာနမှကြီးမှူး၍ ကျင်းပပြီးစီးခဲ့သော ၁၃၈၇ ခုနှစ် (၂၀၂၅ ခုနှစ်) ပါဠိပထမပြန်စာမေးပွဲတွင် (၄၂) ရာခိုင်နှုန်း အောင်မြင်ခဲ့ကြပြီး အစိုးရ ဓမ္မာစရိယ စာမေးပွဲတွင် အောင်ချက် (၂၀ ဒသမ ၃၃) ရာခိုင်နှုန်း အောင်မြင်ခဲ့ကြကြောင်း သိရသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီး ဌာနကကြီးမှူး၍ ကျင်းပပြီးစီးခဲ့သော ၁၃၈၇ ခုနှစ် (၂၀၂၅ ခုနှစ်) ပါဠိပထမပြန်စာမေးပွဲတွင် သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် လူပုဂ္ဂိုလ်များဝင်ရောက်ဖြေဆိုကြရာ ပထမကြီးတန်းတွင် ဖြေဆိုသူ (၆,၁၀၆) ပါး/ဦး အနက် (၉၂၆) ပါး/ဦး အောင်မြင်၍ (၁၅) ရာခိုင်နှုန်း၊ ပထမလတ်တန်းတွင်ဖြေဆိုသူ (၇,၅၇၆) ပါး/ဦးအနက် (၁,၄၆၅)ပါး/ဦး အောင်မြင်၍ (၁၉) ရာခိုင်နှုန်း၊ ပထမငယ်တန်းတွင်ဖြေဆိုသူ (၁၃,၂၃၅) ပါး/ဦးအနက် (၃,၈၂၀) ပါး/ဦး အောင်မြင်၍ (၂၉) ရာခိုင်နှုန်း၊ အခြေပြုမူလတန်းတွင်ဖြေဆိုသူ (၁၉,၄၉၇) ပါး/ဦးအနက် (၈,၁၃၇) ပါး/ဦး အောင်မြင်ကြောင်း သိရသည်။
၁၃၈၇ ခုနှစ် (၂၀၂၅ ခုနှစ်) ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်ခဲ့ကြသော ပုဂ္ဂိုလ်များအနက် အတန်းအသီးသီး၌ ပထမ၊ ဒုတိယ၊ တတိယနှင့် သီလရှင်ပထမရရှိခဲ့ကြသော အထူးအောင်ပုဂ္ဂိုလ်များကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ Website www.mahana.org.mm၊ သာသနာရေးနှင့်ယဉ် ကျေးမှုဝန်ကြီးဌာန Website www.mora.gov.mm နှင့် သာသနာရေးဦးစီးဌာန Website www. dra.gov.mm တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
ထို့ပြင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူး၍ ကျင်းပပြီးစီးခဲ့သော ၁၃၈၇ ခုနှစ် (၂၀၂၅ ခုနှစ်) အစိုးရဓမ္မာစရိယစာမေးပွဲတွင် သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် လူပုဂ္ဂိုလ်များ ဝင်ရောက်ဖြေဆိုကြရာအောင်ချက် (၂၀ ဒသမ ၃၃) ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ယင်းစာမေးပွဲတွင် စုစုပေါင်းဖြေဆိုသူ (၁၇,၅၆၂) ပါး/ဦးအနက်ကျမ်းရင်းသုံးကျမ်းအောင် (ကျမ်းပြီး) (၁,၁၄၈) ပါး/ဦး၊ နှစ်ကျမ်းအောင် (၁,၁၁၄) ပါး/ဦး၊ တစ်ကျမ်းအောင် (၁,၂၉၆) ပါး/ဦး၊ ပါဠိဂုဏ်ထူးအောင်တစ်ပါး၊ မြန်မာဂုဏ် ထူးအောင် (၁၃) ပါး စုစုပေါင်း (၃,၅၇၂)ပါး/ဦး အောင်မြင်ခဲ့ကြကြောင်း သိရသည်။
