ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်း၌ ယခုရက်ပိုင်းအတွင်း မိုးရက်ဆက်ရွာသွန်းနေခြင်းကြောင့် အင်းလေးကန်ရေ အနည်းငယ်မြင့်တက်နေပြီး ထပ်မံမြင့်တက်လာနိုင်မည့်အခြေအနေကို စောင့်ကြည့်နေကြောင်း ရှမ်းတောင်ပရဟိတအသင်း တာဝန်ခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် မိုးများနေသည့်အတွက် အင်းလေးကန်အတွင်းသို့ ရေဝင်ရောက်မှုများက ကန်ရေပြင် အနည်းငယ်မြင့်တက်လာသော်လည်း လက်ရှိတွင်စိုးရိမ်ရသည့်အခြေအနေတွင်မရှိသေးကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ ရေကတော့ နည်းနည်းမြင့်တက်လာတယ်။ စိုးရိမ်စရာတော့ မရှိသေးပါဘူး” ဟု ၎င်းက ဆိုသည်။
Global Flood Awareness System နှင့် Global Flood Minitoring System က အင်းလေးဒေသ ၊ ရွှေညောင်နှင့် မိုးဗြဲမြို့တို့တွင် ရေကြီးခြင်းသတိပေးချက်သည် ဩဂုတ် (၁၂) ရက်တွင် အနီရောင်အဆင့် (HIGH)တွင် ရှိနေကြောင်း ဖော်ပြထားသည်ကိုတွေ့ရှိရသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ရှမ်းပြည်တောင်ပိုင်း၊ ကလော၊ ညောင်ရွှေ၊ ပင်လောင်း စသည့် မြို့နယ်များတွင် မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် အင်းလေးကန်အ တွင်းသို့ ရေဝင်ရောက်မှုမြင့်တက်ခဲ့သည့်အတွက် အလားတူ ကန်ရေမြင့်တက်လာမည်ကိုလည်း စိုးရိမ်ရသဖြင့် စောင့်ကြည့်နေဆဲဖြစ်သည်ဟုဆိုသည်။
