ဆစ်ဒ်နီ၊ဧပြီ ၁၉
အင်အားပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်းကြောင့်သင်္ဘောပျက်ပြီး အိန္ဒိယသမုဒ္ဒရာထဲရှိ သဲကန္တာရကျွန်းတစ်ခုပေါ်၌ အစာနှင့်ရေမရှိဘဲ ခြောက်ရက်ကြာသောင်တင်နေခဲ့သည့် အင်ဒိုငါးဖမ်းသမား ၁၁ ဦးအား ကယ်ဆယ်နိုင်ခဲ့သည်ဟု သြစတြေးလျအာဏာပိုင်များကပြောကြားခဲ့သည်။
အခြားတံငါသည်ရှစ်ဦးမှာလည်း ပျောက်ဆုံးနေဆဲဖြစ်သည်ဟုဆိုသည်။လက်ရှိကယ်တင်ထားသူများအား ဆိုင်ကလုန်းပြီးသွားချိန် နယ်စပ်လုံခြုံရေးပြုလုပ်ကင်းလှည့်နေသည့်လေယာဉ်တစ်စင်းက တွေ့ရှိခဲ့ခြင်းဖြစ်သည်။
၎င်းတို့အားကယ်ဆယ်ပြီးနောက် လိုအပ်သောဆေးကုသမှုများအတွက် Broome မြို့သို့ပို့ဆောင်ပေးခဲ့ကြောင်းလည်းသိရသည်။
၎င်းတို့သည် စုစုပေါင်း လှေနှစ်စင်းဖြင့်လာခြင်းဖြစ်ကြောင်း တံငါသည်များက အာဏာပိုင်များထံ အကြောင်းကြားခဲ့ပြီး တစ်စင်း၌သင်္ဘောသား ၁၀ ဦးပါဝင်ကာ ကျန်တစ်စီး၌လည်း ၉ ဦးပါရှိကြောင်းဆိုခဲ့သည်။
အမှုထမ်း ၁၀ ဦးပါသည့် သင်္ဘောသည် Bedwell ကျွန်းတွင် ကမ်းပေါ်သို့မျောပါသွားခဲ့ပြီး ဒုတိယသင်္ဘောမှာမူ ရာသီဥတုဆိုးရွားကာ နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။
Source : Reuters
