အင်ဒိုနီးရှားနိုင်ငံ ပါပူးဝါးပြည်နယ် အရှေ့စွန်းဒေသရှိ ရွှေသတ္ထု့မိုင်းတစ်ခုတွင် မြေပြို၍ မိုင်းလုပ်သား ခြောက်ဦးေ-သဆုံးကာ လေးဦးဒဏ်ရာရှိခဲ့သည်။ ဖြစ်စဉ်အတွင်း ပျောက်ဆုံးလျက်ရှိသူ ၁၄ ဦးကို ရှာဖွေမှုကို မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တနင်္လာနေ့တွင် ရပ်နားလိုက်ရသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
သောကြာနေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနောက်ပါပူးဝါးပြည်နယ် အာဖက်ခ်တောင်တန်းရှိ ဒေသခံများလုပ်ကိုင်ကြသည့် မိုင်းငယ်တစ်ခုတွင် မြေပြိုခဲ့သည်ဟု အင်ဒိုနီးရှား သဘာဝဘေးလျှော့ချရေးဌာန ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူ မူဟာရီက ပြောဆိုသည်။
မိုင်းလုပ်သားများအသုံးပြုသည့် ယာယီတဲများမြေမြုပ်သွားခဲ့ရသည့် သဘာဝဘေးဒဏ်ကြုံခဲ့ပြီးနောက် ပျောက်ဆုံးလျက်ရှိသူများကို အာဏာပိုင်များက အင်္ဂါနေ့တွင် တကျော့ပြန်ရှာဖွေမှုများကို လုပ်ဆောင်သွားမည်ဖြစ်သည်။
လမ်းများနှင့် တောင်ပေါ်လမ်းကြောင်းများ ပျက်စီးနေခြင်းနှင့် ရာသီဥတုဆိုးဝါးမှုကြောင့် ရှာဖွေရေးလုပ်ငန်းများ အဟန့်အတားဖြစ်နေကြောင်း ရဲနှင့်စစ်သားများအပါအဝင် အဖွဲ့ဝင် ၄၀ ပါ ကယ်ဆယ်ရေးအဖွဲ့၏ ခေါင်းဆောင် ယဲဖရီ ဆာဘာရူဒင်က ရိုက်တာကိုပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံတွင် ဝေးလံသီခေါင်သောဒေသများတွင် တည်ရှိပြီး အာဏာပိုင်များ စည်းကမ်းထိန်းကွပ်ရန်ခက်ခဲသော အသေးစားနှင့် တရားမဝင် မိုင်းတွင်းလုပ်ငန်းများသည် မတော်တဆမှုများ မကြာခဏဆိုသလို ကြုံရလေ့ရှိသည်။
Ref: သည်စထရိတ်တိုင်းမ်