မြင့်မားသည့် စည်းကြပ်ခွန်ကို ရှောင်လွှဲရေး အတွက်စေ့စပ်ညှိနှိုင်းပြီးနောက် အင်ဒိုနီးရှားနိုင်ငံထံမှ များပြားသည့် ကုန်အဝယ်ကတိကဝတ်များကိုရစေသည့် ကုန်သွယ်ရေးသဘောတူညီချက်ကို စာချုပ်ချှုပ်လိုက်ပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းသော အင်ဒိုနီးရှားကုန်ပစ္စည်းများကို အကောက်ခွန် ၁၉ ရာခိုင်နှုန်း ကောက်ခံရမည်ဖြစ်သည်ဟု ထရုဆိုရှယ်မီဒီယာပေါ်တင်ခဲ့သော ပို့စ်တွင် ထရမ့်ပ်က ပြောဆိုသည်။ ယင်းနှုန်းထားသည် အစောပိုင်းက သမ္မတ ခြိမ်းခြောက်ထားခဲ့သည့် ၃၂ ရာခိုင်နှုန်းထက် အတော်လျော့ကျသွားခဲ့ခြင်းဖြစ်သည်။
“သဘောတူညီချက် တစ်စိတ်တစ်ပိုင်းအရ အင်ဒိုနီးရှားက အမေရိကန်စွမ်းအင် ဒေါ်လာ ၁၅ ဘီလျံဖိုး၊ အမေရိကန်စိုက်ပျိုးရေးထွက်ကုန် ၄ ဒဿမ ၅ ဘီလျံဖိုးနဲ့ ၇၇၇ အမျိုးအစားတွေ အများစုဖြစ်တဲ့ ဘိုးရင်းဂျက်လေယာဉ် အစင်း ၅၀ ဝယ်ယူသွားဖို့ ကတိပြုခဲ့ပါတယ်” ဟု ထရမ့်ပ်က ရေးသားခဲ့သည်။
“သူတို့က ၁၉ ရာခိုင်နှုန်း အခွန်ပေးရမှာဖြစ်ပြီး ငါတို့ကတော့ ပေးစရာမလိုပါဘူး၊ ငါတို့ အင်ဒိုနီးရှားဈေးကွက်ထဲကို အပြည့်အ၀ ၀င်ခွင့်ရမှာပါ။ ငါတို့မှာ ကြေညာရမယ့် သဘောတူညီချက်အချို့ရှိပါသေးတယ်” ဟု အစောပိုင်းက ဘဲဥပုံရုံးခန်းအပြင်ဘက်တွင် ထရမ့်ပ်က ပြောကြားခဲ့သည်။
အမေရိကနှင့် အင်ဒိုနီးရှား၏ စုစုပေါင်းကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်တွင် ဒေါ်လာ ၄၀ ဘီလျံအောက်သာရှိခဲ့ပြီး ထိပ်တန်းကုန်သွယ်မှုစာရင်းမဝင်သော်လည်း မြင့်တက်လျက်ရှိနေသည်။ အမေရိက,က အင်ဒိုနီးရှားသို့ တင်ပို့မှုသည် ပြီးခဲ့သည့်နှစ်တွင် ၃ ဒဿမ ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အမေရိကသို့ ပြန်လည်တင်သွင်းမှုသည် ၄ ဒဿမ ၈ ရာခိုင်နှုန်းရှိခဲ့သောကြောင့် အမေရိကအတွက် ကုန်သွယ်မှုလိုငွေ ၁၈ ဘီလျံနီးပါးရှိခဲ့သည်။
Ref: သည်ဂါဒီးယန်း
