အမေရိက၏ အခွန်စည်းကြပ်မှုများ စတင် အကျိုးမသက်မရောက်မီ အရံအတားအနေဖြင့် ၎င်း၏ ပို့ကုန်ဈေးကွက်ကို ဖြန့်ကျက်ရန်အတွက် အင်ဒိုနီးရှားသည် ကုန်သွယ်ရေးသဘောတူညီချက်များစွာကို အပြီးသတ်နိုင်စေရန် အလျင်စလိုဆောင်ရွက်လျက်ရှိသည်။
အရှေ့တောင်အာရှ၏ စီးပွားရေးအင်အား အကြီးဆုံး နိုင်ငံဖြစ်သော အင်ဒိုနီးရှားသည် အဖွဲ့ဝင် ၂၇ နိုင်ငံပါဝင်သည့် ဥရောပသမဂ္ဂနှင့် အကောက်ခွန် သုညရာခိုင်နှုန်း သတ်မှတ်ချက်ဖြင့် ကုန်သွယ်ရေးသဘောတူညီချက်ရရန် ကြိုးပမ်းနေသည်ဟု ထိပ်တန်းအင်ဒိုနီးရှားအရာရှိတစ်ဦးက ပြောဆိုသည်။
ထို့အပြင် အင်ဒိုနီးရှားသည် ဥရောပအာရှစီးပွားရေးသမဂ္ဂနှင့်လည်း သီးခြားသဘောတူညီချက်တစ်ခုအတွက် ကြိုးပမ်းလျက်ရှိသည်ဟု အင်ဒိုနီးရှားစီးပွားရေးရာ ညှိနှိုင်းရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ မစ္စတာ ဆူစီဝီဂျိုနိုက ပြောကြားခဲ့သည်။
ဥရောပအာရှအဖွဲ့ဝင်နိုင်ငံများမှာ ရုရှား၊ ဘီလာရုစ်၊ ကာဇက်စတန်၊ ကာဂျစ်စတန်နှင့် အာမေးနီးယားတို့ဖြစ်သည်။
အင်ဒိုနီးရှားသည် ကနေဒါနိုင်ငံနှင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ရရှိခဲ့သော ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်(Cepa) ကို အတည်ပြုရန် အရှိန်မြှင့်လုပ်ဆောင်နေကြောင်းလည်း Bank UOB Indonesia က စီစဉ်သည့် ဇူလိုင် ၂၂ ရက်က ဂျကာတာဆွေးနွေးပွဲတွင် ၎င်းက ပြောကြားခဲ့သည်။
“ဈေးကွက်ချဲ့ထွင်ရေး ကြိုးပမ်းမှုတွေရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အခုအခါမှာ သဘောတူညီချက်တွေကို အပြီးသတ်နိုင်ဖို့ ကျွန်တော်တို့ မြန်မြန်ဆန်ဆန်ဆောင်ရွက်နေပါတယ်” ဟု မစ္စတာ ဆူစီဝီဂျိုနိုက ပြောခဲ့သည်။
“ပြီးခဲ့တဲ့နှစ်ပတ်အတွင်း နိုင်ငံအတော်များများကို ကျွန်တော်တို့ ခရီးထွက်ခဲ့ပြီး ခိုင်မာတဲ့ရလဒ်တွေ ရခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်
